Saturday, May 25, 2013

Moonlight



လဟာလှတယ်။ အဲဒီတော့ ညဟာလည်း သိပ်လှတယ်။ အပြင်မှာမြင်ရတဲ့ ခဲရောင်တိမ်ဆုပ်တွေကြားက ရွှေရောင်အလင်းတန်းတွေ ဖြာကျတဲ့ ညဟာ စာနဲ့ ရေးပြရခက်အောင်ကိုလှတယ်။ အလှကို မှတ်တမ်းတင်ချင်တဲ့ ကိုယ်ဟာ ရှိတဲ့ ဖုန်းက ကင်မရာနဲ့ပဲ ရိုက်ပါတယ်။ လနဲ့ ညရဲ့ အလှကို နည်းနည်းလေးမှ မဖမ်းမိနိုင်သော်ငြား ဒီညမှာတော့ ဒီလိုလှခဲ့ပါတယ်လို့  ပြန်စဉ်းစားနိုင်ဖို့  ရိုက်ပါတယ်။

တိတ်ဆိတ်တဲ့ည၊ အေးဆေးတဲ့ည၊ သိပ်လှတဲ့ညမှာ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေကို ပြန်သတိရတယ်။ မက်ခဲ့ဖူးတဲ့ အိမ်မက်တွေကို ပြန်လွမ်းတယ်။ ထားခဲ့ဖူးတဲ့ မျှော်လင့်ချက်တွေကို တမ်းတတယ်။ ဟိုးကုန်ခဲ့တဲ့ လူငယ်ဘ၀ကို တမ်းမက်တယ်။ အိမ်မက်တွေအပြည့်နဲ့ဘ၀ ….. အဲဒီဘ၀ကို အခုရှိနေတဲ့ အချိန်တွေထက် ပြန်လိုချင် ပါတယ်ဆိုရင် ကိုယ်သိပ်လွန်နေမလား။ လွန်ခဲ့တဲ့ တစ်နှစ် ဒီလိုအချိန်မှာ အသိညီမလေး တစ်ယောက်က မေးဖူးတယ်။ လုပ်သင့်တာနဲ့ လုပ်ချင်တာနဲ့ ဘယ်ဟာကို လုပ်ရမလဲတဲ့။

ကိုယ်လုပ်ချင်တယ်ဆိုတဲ့အရာက တခြားသူတွေအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ဘူးဆိုရင် …. သူတပါးကို မထိခိုက်ဘူးဆိုရင် လုပ်ချင်တာကိုပဲ လုပ်ပါလို့  မဆိုင်းမတွ ဖြေခဲ့ဖူးတယ်။ လုပ်ချင်တာကို မလုပ်ခဲ့ရင် နောင်တစ်သက်လုံး ငါမလုပ်လိုက်မိပါလားလို့ နောင်တတွေနဲ့ နေရလိမ့်မယ်လို့လဲ ကိုယ်ပြောခဲ့ဖူးတယ်။

အဲဒီလိုပြောခဲ့တဲ့ ကိုယ်ဟာ လုပ်သင့်တာရော လုပ်ချင်တာရော မလုပ်ခဲ့သူပါ။
ကိုယ်လုပ်ချင်တာကို လုပ်သင့်တဲ့အချိန်မှာ မလုပ်ခဲ့မိဘူး …………………..။
ဒီလိုနဲ့ ကုန်သွားတဲ့အချိန်တွေကို ကိုယ်ပြန်မရနိုင်တော့ဘူး။ ဆုံးမစကားတွေပါတဲ့ စာအုပ်ထဲမှာ  ခနခန ဖတ်ခဲ့ဖူးပေမယ့် ကိုယ်တကယ် ပြန်မရနိုင်တဲ့အခါ …… ဘ၀နဲ့ ရင်းပြီး သိရတာ ရင်နာစရာ။
အခုတော့ ကိုယ်ဟာ တခါတခါ လသာတဲ့ညတွေမှာ ငယ်တုန်းက ဖမ်းဆုပ်မရခဲ့တဲ့ လရောင်ကို ပြန်များတွေ့လေမလားရယ်လို့  …..တခါတခါ မျှော်လင့်မိရုံသာ …………….။