Sunday, April 10, 2011

Green


ဒီမြို့လေးမှာ စိတ်ချမ်းသာစရာ နောက်တစ်ခုက သစ်ပင်တွေ ရှိတာပါ။ ရုံးမှာဆို သစ်ပင် အကြီးကြီးတွေ ရှိပါတယ်။ ရုံးရှေ့ တည့်တည့်က ကုက္ကိုပင်ကြီးဆို တစ်ဝင်းလုံးကို အရိပ်ရလောက်အောင် အေးပါတယ်။ နောက် .... ရုံးနောက်မှာ လူက ပြုပြင်ဖန်တီးထားတာ မဟုတ်တဲ့ သစ်ပင်တွေရှိပါသေးတယ်။ သဘာဝအတိုင်းရှိနေတဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ တောင်ကုန်းပြေပြေတွေ၊ မြေပြန့်ပြန့်မှာ မြတ်ပင်လို အပင်စိမ်းစိမ်းလေးတွေကို working hours မှာ တွေ့မြင်နေနိုင်တာ အတော်ကျေနပ်မိပါတယ်။ တစ်ခုပဲ ... အဲဒီ သဘာဝ တရားတွေနဲ့ သံဇကာ စိပ်စိပ်လေး ခြားထားတာပါ။ အဲဒီလိုမှ ခြားမထားရင်လဲ မြွေတွေ ၀င်လာတတ်တယ်တဲ့။တော်သေးတာပေါ့ .... မဟုတ်ရင် ကော်ဖီ ထွက်သောက်တိုင်း မြွေအန္တရာယ် ကာကွယ်ရေးကို လိုက်နာ နေရပါဦးမယ်။

အခုစာထိုင်ရေးနေတဲ့ ၀ရန်တာလေးကကြည့်ရင်လဲ သစ်ပင်စိမ်းစိမ်းတွေ မြင်ရပါတယ်။ အိမ်ရှေ့မှာ ဗံဒါပင် အကြီးကြီးရှိတာမို့ ကိုယ့်နေရာ ၃ ထပ်ကနေ အောက်ကို ငုံ့ကြည့်လိုက်ရင် ဗံဒါရွက်တွေ အုံ့အုံ့ဆိုင်းဆိုင်း အများကြီး တွေ့ရတယ်။ ဗံဒါရွက်စိမ်းစိမ်းတွေက ၀ရံတာလေးကို ထိလို့ သိပ်သဘောကျစရာ ကောင်းပါတယ်။ နောက် ပိတောက်၊ ကုက္ကို၊ သရက်ပင် အုပ်အုပ်တွေရှိတယ်။ ဒီမှာတော့ အစိမ်းရောင်တွေနဲ့ သံဇကာ မခြားပါဘူး။ သံတိုင်တွေပဲ ခြားထားပါတယ်။ ကိုယ်ကတော့ ကိစ္စမရှိပါ။ အစိမ်းရောင်တွေဆီ သွားချင်ရင် တံခါးဖွင့်ပြီး အောက်ဆင်းပြီးသွားလိုက်ရုံပါပဲ။ ကိုယ့်စိတ်ဆန္ဒအတိုင်း လုပ်ခွင့်မရှိ အိမ်ပြင်ကို ထွက်ခွင့်မရှိတဲ့ ဒေသခံ အမျိုးသမီးတွေထဲမှာရော ...... ကိုယ့်လို အစိမ်းရောင်ချစ်တဲ့သူတွေရှိမလား ........ သိချင်မိပါတယ်။

Monday, April 4, 2011

April 05 2011



ချစ်ရသူတွေနဲ့ ရေမြေခြားတယ်။ နိုင်ငံတော့ မခြားပါဘူး။ တောင်တွေ ကာရံထားတယ်။ မနက်ရုံးတက်တိုင်း တောင်တွေကို မြင်ရတာ စိတ်ချမ်းသာတယ်။ ဘ၀မှာ တကယ်လိုအပ်တာ ဘာလဲ တွေးမိတယ်။ တွေးမိတိုင်းလဲ တရားထိုင်ဖို့ စဉ်းစားတယ်။ စဉ်းစားတိုင်း နောက်တစ်နေ့မနက်မှ လို့ အချိန်ဆွဲတယ်။ မနက်ရောက်တော့ ထုံးစံအတိုင်း အပြေးအလွှားအိပ်ယာထတယ်။ ဘုရားတောင် မရှိခိုးနိုင်တော့ဘူး။

တဖြည်းဖြည်းနဲ့တော့ အလုပ်နဲ့ နေသားကျလာပြီ ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဥာဏ်ရည် ဒီလောက်ပဲ ရှိမှန်းသိရင် ငယ်တုန်းက တခြားဝါသနာ ပိုပါတာ ပြောင်းလုပ်ပါတယ်။ အခုတော့ အလုပ်အသစ် ပြောင်းတိုင်း struggle လုပ်ရတယ်။ သူများတွေ အတွက် ထမင်းစားရေသောက် ကိစ္စက ကိုယ့်အတွက် ခက်ခဲနေတယ်။ ဘယ်တတ်နိုင်မလဲ ..... မမှီမကမ်း တွေးခေါ်စဉ်းစားပြီး တတ်နိုင်သမျှ လုပ်ပါတယ်။

စာရေးချင်တယ်လို့လည်း ခနခန တွေးမိတယ်။ ဒီလိုစာမျိုးပဲ ချရေးတတ်တော့ခက်သား။ အက်ဆေးမဖြစ်တဖြစ်၊ ကဗျာလိုလိုတွေလဲ ရေးဖို့တော်တော်ခက်နေတယ်။ ကဗျာဘက်တော့ ပါရမီ နည်းနည်းပါတယ် ထင်ပါတယ်။ ဒါလည်း မရေးဖြစ်တာ ကြာပါပြီ။ ဟိုအရင်တခါ အသည်းအသန် အသဲကွဲတုန်းက နောက်ဆုံးရေးဖြစ်တယ်။ ခုတော့ ချစ်သူကလည်း စိတ်ချမ်းသာအောင် ထားပါတယ်။

အခုရေးတဲ့ပုံစံက တစ်ယောက်ယောက်နဲ့များ ဆင်တူနေမလား။ တူနေရင်လည်း ဖတ်ပါများ လို့ တူသွား တယ်လို့ မှတ်ပေးကြပါ။ စိတ်ထဲရှိတာချရေးရလို့ စိတ်ချမ်းသာပါတယ်။ ဒါကြောင့် သူများတွေ ဒီလို ရေးကြတာပဲလို့ ခုသဘောပေါက်ပါတယ်။