Saturday, May 11, 2013

သောကြာပြီး နောက်တစ်နေ့

 ဒီနေ့  ဟာ စနေနေ့  ဖြစ်တယ်ဆိုတာနဲ့  တင် အရာရာ အားလုံး လှပပြည့်စုံပြီးသား ဖြစ်နေပြီ။ အချိန်စာရင်းတွေကနေ ခေတ္တခန ကင်းလွတ်ခွင့်ရတဲ့နေ့  ၊ deadline တွေကနေ ခေတ္တခန လွတ်မြောက်ခွင့် ရတဲ့နေ့   ။
တစ်ပတ်လုံး ထမ်းထားရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အလိုက်အထိုက် ပြောဆိုဆက်ဆံရမှုတွေ၊ အလုပ်တွေကြားထဲကနေ ကိုယ့်စိတ်ထဲကို ခနတဖြုတ် ဖြတ်ဝင်လာတဲ့ ကိုယ့်ဘ၀ကိုယ် အလိုမကျမှုတွေကို မနေ့  က သောကြာနေ့  မှာတင် ထားခဲ့လိုက်ပြီ။
အခုဆို ကိုယ် အလုပ်အသစ် တစ်ခု ရောက်တာ ၆ လ ကျော်ကျော် ကြာခဲ့ပြီ။ ထုံးစံအတိုင်း စစ ချင်း ၃လ မှာ သေတော့မလို စိတ်ပင်ပန်းတယ်။ ကိုယ် မလုပ်နိုင်တော့ဘူးလို့  လက်လျှော့ချင်တယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟိုးအရင်တုန်းက ဒီဘလော့မှာတင် ရေးခဲ့တဲ့ ပိုစ့်လေး တစ်ခု ကို ပြန်ဖတ်မိတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းက မြန်မာပြည် အစွန်အဖျား မြို့ လေးတစ်မြို့  မှာ ပဲ အလုပ်အသစ်တစ်ခု ကို စ၀င်ဝင်ချင်း ရေးခဲ့တာ။ ကိုယ် မလုပ်နိုင်လောက်ဘူးလို့  အဲဒီတုန်းကလဲ ထင်ခဲ့တယ်။ ပြီးတော့လဲ အဆင်ပြေသွားခဲ့တာပါပဲ။ နေရာအသစ် အလုပ်အကိုင်အသစ်မှာ စစချင်းဆို ကြောက်လန့်  ပြီး အဆင်မပြေဖြစ်တတ်တဲ့ ကိုယ့်အကျင့်ကို ပြန်သတိထားမိသွားတယ်။ ဒါနဲ့  ပဲ ပီးခဲ့တဲ့ ၃လ က စိတ်သက်သာရာ ပြန်ရခဲ့တယ်။ ငါ နောက်ဆို အဆင်ပြေသွားမှာပါလို့ လဲ အားတင်းခဲ့တယ်။
အခုတော့ အလုပ်ထဲမှာ အရင်ကလောက် အခြေအနေ မဆိုးတော့ပါဘူး။
လူတွေရဲ့  ပြောင်းလဲတတ်တဲ့ စိတ်တွေကိုလဲ အရင်လို လိုက်မခံစားတတ်တော့အောင် ကြိုးစားနေတယ်။
ကောင်းတယ်ထင်တာတွေ ထင်သလောက် မကောင်းသလို၊ မကောင်းဘူးထင်တာတွေလဲ ထင်သလောက် မဆိုးကြောင်း သိလာရတယ်။ ကိုယ့်စိတ်တောင် ကိုယ်အစိုးမရတာ၊ သူတပါးရဲ့  ကိုယ့်အပေါ် အထင်အမြင်နဲ့  ဆက်ဆံမှုတွေအတွက် အချိန်ပေးပီး စိတ်မကောင်းဖြစ်မနေချင်တော့ဘူး။
မနေ့  က ဆို ၅ ရက်လုံးလုံး အလုပ်ဖိစီးမှုတွေနဲ့   စိတ်ရော လူရော နုံးခွေနေရတဲ့ အထဲ၊ ကိုယ်ဖြစ်ချင်တာတွေ အခုထိ ဖြစ်မလာသေးလို့   .... ကိုယ်ဟာ ဒီနေရာမှာ ရှိနေသင့်တယ်လို့  မခံစားရလို့  စိတ်ပင်ပန်းနေချိန် ... ရုံးက အကိုတစ်ယောက် Gtalk မှာ တင်ထားတဲ့  msg လေး တစ်ခုကို မြင်လိုက်တဲ့ အခိုက်အတန့်   ကိုယ်အသိတရား ပြန်ရသွားတယ်။
... အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဖို့  .... ဆိုတဲ့  စာလေး တစ်ကြောင်းဟာ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့  ပိတ်မိနေတဲ့ ကိုယ့်စိတ်နှလုံးကို ကြည်လင် ထွက်ပေါက်ရစေတယ်။ ဒါနဲ့  ပဲ မျိုးကြီးရဲ့  အဲဒီသီချင်းလေးကို ပြန်ရှာနားထောင်းရင်း ဟိုးတစ်လောက ရိုက်ထားတဲ့ ပန်းပုံလှလှလေးတွေ ပြန်ရှာတင်ရင်း ပီးခဲ့တဲ့ သောကြာကို နှုတ်ဆက်လိုက်ပါတယ်။

ဟိုးတလောက ဘဏ်သွားရင်းနဲ့  အရှေ့  မှာစိုက်ထားတာတွေ့ လို့  ရိုက်လာတာ။ အရောင်လေးတွေရော အပွင့်သေးသေးလေးတွေရော အရမ်းချစ်စရာ ကောင်းပါတယ်။ ဖုန်းထဲမှာ ပိုလှတယ် ... အခုက size လျှော့ထားလို့   သိပ်မလှဘူးဖြစ်နေတယ်။

စကားမစပ် ကိုယ် ဓါတ်ပုံတင်လိုက် ဘလော့မှာ ပို့စ် တင်လိုက် လုပ်နေတာ ဖုန်းအင်တာနက်နဲ့  ပါ။ အရမ်းမမြန်ပေမယ့် ဒါလောက် လေး လုပ်လို့  ရနေတာကိုပဲ အတော် စိတ်ချမ်းသာပါတယ်။

အားလုံးပဲ ပျော်ရွှင်စိတ်ချမ်းသာစရာ weekend ဖြစ်ပါစေ။