Wednesday, June 12, 2013

စာကြည့်တိုက်



အေးမြနေတဲ့ အခန်းကျယ်တွေ မရှိဘူး။ စာအုပ်တွေ ထောင်နဲ့ သောင်းနဲ့ မရှိဘူး။
အင်တာနက်ကွန်နက်ရှင်ဝေးလို့ ကွန်ပြူတာတစ်လုံးတောင် မရှိဘူး။ ယောင်မှားပီး လှန်မကြည့်နဲ့ ကြမ်းခင်းတွေမှာ ကိုယ်ပိုင်လက်ပတော့နဲ့ သုံးဖို့ ပလက်ပေါက်မရှိဘူး။
စာအုပ်တွေကို အီလက်ထရောနစ်စနစ်နဲ့ရှာမယ်ဆိုတာ အိမ်မက်ထဲမှာပဲ ရှိလိမ့်မယ်။

ဒါပေမယ့် .... ဒါပေမယ့်ပေါ့လေ
သော်တာဆွေရှိတယ်။ ဂျာနယ်ကျော် မမလေးရှိတယ်။ ဒဂုန်တာရာရှိတယ်။ ခင်ခင်ထူးရှိတယ်။ နတ်နွယ်ရှိတယ်။ လယ်တွင်းသားစောချစ်ရှိတယ်။ ခင်နှင်းယုရှိတယ်။ ဂျူးရှိတယ်။ မင်းခိုက်စိုးစန်ရှိတယ်။ ဖေမြင့်ရှိတယ်။

ကာတွန်းရှိတယ်။ ၀တ္ထုတို - ရှည် - လတ် - ပေါင်းချုပ် .. ရှိတယ်။ ဘာသာပြန်ရှိတယ်။ အက်ဆေး ရှိတယ်။
တက်ကျမ်း ရှိတယ်။ သမိုင်း ရှိတယ်။ ပထ၀ီ ရှိတယ်။ အတ္ထုပ္ပတိ ရှိတယ်။ 

အဲဒီ ရှိတယ်တွေကို ဖတ်ဖို့ ပိုက်ဆံရှိစရာမလိုဘူး။

ငှားနေကျ လူ၂ယောက်က အာမခံပေး ... ပီးရင် ၁ ခါငှားရင် ၃ အုပ်နဲ့ ၈ ရက်အထိ ငှားလို့ရတယ်။
၈ ရက်ထက် ကျော်မှ အပ်ရင်တော့ ဒဏ်ကြေးပေးရမယ် .... ဒဏ်ကြေးက စာအုပ်အသစ်တစ်အုပ် ၀ယ်ပေးဖို့။

ပြီးတော့ မအားလို့ လာမအပ်နိုင်လို့ မငှားတော့ပါဘူးဆိုရင်တောင် အတင်းပဲ ငှားခိုင်းတဲ့ ..... နောက်ထပ် သူငယ်ချင်းရှိရင် စာကြည့်တိုက်လွှတ်ပေးပါဦးလို့ ပြောတတ်တဲ့ ..... ၀န်ထမ်းတွေရှိတယ်။

အဲဒီ စာကြည့်တိုက်ကလေးဟာ မြစ်ကြီးနား ပြည်နယ် စာကြည့်တိုက်ကလေးပါ။ လမ်းကြုံရင် ၀င်ကြည့်ကြပါ။ ဧရာဝတီမြစ်နဲ့ မနီးမဝေး ဧရာဝတီဘဏ်နဲ့ နီးနီးကလေးမှာတင် ရှိပါတယ်။

Monday, June 10, 2013

တခါတုန်းက .......

အဲဒီမြို့လေးရဲ့ ညတွေမှာပေါ့ .... အဲဒီညတွေရဲ့ မြစ်ကမ်းနဘေးမှာပေါ့ .... စိမ်းမြ သီချင်းကို အကျယ်ကြီးအော်ဟစ်ခဲ့ကြ။

မောင်လို နှမလို .... တူလို ဦးရီးလို .... မွေးကတည်းကပေါင်းသင်းလာတဲ့ သူငယ်ချင်းယောင်းမတွေလို 
ျစ်ခင်နွေးထွေးခဲ့ကြ။

ဒီဖက်က ရိုးသားဖြူစင်မှုကို ဟိုတစ်ဖက်က  တန်ပြန်လင်းပွင့်ခဲ့ကြ။

အဲဒီမြို့လေးမှာ လစာကောင်းကောင်း မရှိခဲ့ဘူး။

ဲဒီမြို့လေးမှာ ခိုင်မာတဲ့ အနာဂတ် မရှိသေးဘူး။

ဒါပေမယ့် .....

ယုံကြည်စိတ်ချရမှုရှိတယ်။

ပါးရေမတွန့်သေးတဲ့ မျှော်လင့်ချက်တွေရှိတယ်။

ချစ်ခြင်းမေတ္တာတရားနဲ့ သင်းပျံ့လတ်ဆတ်တဲ့ လေထုရှိတယ်။

အခုအချိန်မှမရှိတော့တာတွေ အကုန်လုံးပေါ့ ...... အဲဒီမြို့လေးမှာ ရှိခဲ့ဖူးပါတယ်။   

Tuesday, June 4, 2013

Happy Middle of the Week


ဒီနေ့ဟာ ဗုဒ္ဓဟူးနေ့ မနက်ဖြစ်တယ်။

စိတ်ထဲမှာ ပျော်တယ်။ စိတ်ချမ်းသာတယ်။ ပေါ့ပါးတယ်။

စိတ်ညစ်တယ် စိတ်ညစ်ညူးတယ်ဆိုတာ ကိုယ်နဲ့ လုံးဝ မသက်ဆိုင်တဲ့ စကားလုံးတွေလို

မှန်ထဲကိုကြည့်တယ်။ မျက်လုံးတွေ အရောင်တောက်တယ်။ မျက်နှာက လုပ်ယူထားတာ မဟုတ်တဲ့ စိတ်ချမ်းမြေ့မှုတွေ ထင်ဟပ်လို့။
အရင့်အရင် ဗုဒ္ဓဟူးနေ့တွေနဲ့ မတူအောင် ဒီနေ့ဟာ ဘာများထူးခြားနေလို့လဲ။
ထူးခြားတာ တစ်ခုပဲရှိတယ်။ အဲဒါက ကိုယ်မနေ့က အိမ်ကိုရောက်ခဲ့တယ်။ ဒီမနက် အိမ်မှာ မနက်စာစားခဲ့တယ်။ အိမ်ကနေ ရုံးကို လာခဲ့တယ်။    
ဒီအချက်လေးကပဲ ကိုယ့်ကို အရင့်အရင်ရက်တွေနဲ့ မတူခြားနားတဲ့ လူသားတစ်ယောက်ဖြစ်စေခဲ့လေသလား။
တကယ်ဆို ကိုယ့်ရဲ့  “အိမ်” ဟာ အခုရှိနေတဲ့ နေရာနဲ့ ကီလိုမီတာ ၁၂၀၀ ကျော်ဝေးတယ်။ လေယဉ်ခရီးနဲ့ဆို ၃ နာရီနီးပါး စီးရတယ်။ အိမ်ကိုပြန်ချင်ပေမယ့် ၆လ တစ်ခါလောက်ပဲ ပြန်ဖြစ်တယ်။
မမျှော်လင့်ပဲ မနေ့ကညနေ ရုံးအဆင်းမှာ ကိုယ် “အိမ်” ပြန်ရောက်ခဲ့ပါတယ်။
ကိုယ်ငှားနေတဲ့အိမ်လေးမှာ နေလို့မဖြစ်တဲ့အကြောင်းတစ်ခုကြောင့် ရုံးက ညီမလေးတစ်ယောက်အိမ်မှာ တစ်ညသွားအိပ်ဖို့ စီစဉ်ခဲ့တယ်။ ကိုယ့်နေရာမဟုတ်လို့ အဆင်မပြေမှာစိုးရိမ်ခဲ့ပေမယ့် …… သူတို့အိမ်လေးမှာ ကိုယ်ဟာ ပျောက်ဆုံးနေတဲ့ စိတ်ချမ်းသာမှုကို ပြန်ရခဲ့တယ်။ နွေးထွေးတဲ့အိပ်ယာ၊ နွေးထွေးတဲ့မိသားစု၊ အစ်မတွေ ညီမလေးတွေ တူ တူမလေးတွေ နဲ့ သဘောကောင်းတဲ့ အန်တီရဲ့ ညစာပူပူနွေးနွေး …. အရာအားလုံးဟာ အိမ်ဆိုတာ ဒီလိုပါလားလို့ ကိုယ့်ကို ပြန်မှတ်မိစေတယ်။
နွေးထွေးသာယာမှုနဲ့ ချစ်ခြင်းမေတ္တာ …. သူတို့အိမ်လေးမှာ လွှမ်းခြုံနေသလို ကိုယ့်ရင်ထဲအထိ လွှမ်းခြုံထားပါတယ်။
ဒါပါပဲ ကိုယ်လိုအပ်နေခဲ့တာ … ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝတဲ့ ပါတ်ဝန်းကျင် ….. နောက်တစ်နေ့အတွက် ရှင်သန်ခြင်းမှာ ချမ်းမြေ့မှုနဲ့ အားအင်အသစ်တွေ စိမ့်ဝင်စေတဲ့ ပါတ်ဝန်းကျင်။
ကိုယ်ဆုံးဖြတ်လိုက်တယ် …. ဒီထက်ပိုတဲ့နေရာ … ဒီထက်ပိုတဲ့ ရာထူး ….. ဒီထက်ပိုတဲ့ ငွေကြေးစတဲ့  “ဒီထက်ပိုတဲ့” တွေနောက်ကို တကောက်ကောက်လိုက်ခြင်းကို စွန့်လွှတ်တော့မယ်လို့လေ။

…………………….. အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံးနဲ့ ပေါ့ပေါ့ပါးပါးနေဖို့…………………………..

Tip …… စိတ်ချမ်းသာချင်ရင် စိတ်ဆင်းရဲစေတဲ့ စိတ်ဆင်းရဲနေတဲ့ သူတွေနဲ့ ဝေးဝေးနေပါ။ တချို့တွေက ကိုယ်စိတ်ဆင်းရဲအောင် တမင်မလုပ်ပေမယ့် သူတို့ရဲ့ negative အတွေးအမြင်တွေ၊ ရန်လိုတတ်တဲ့စိတ်တွေက ကိုယ့်ကိုပါ ရိုက်ခတ်ပါတယ်။ လူချင်းဝေးလို့ မရရင် စိတ်ချင်းဝေးဝေးနေပါ။

စိတ်လက်ပေါ့ပါးချင်ရင် ဘ၀ကို သိပ် serious ဖြစ်လွန်း heavy ဖြစ်လွန်းတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ လူချင်းဝေးဝေးမနေနိုင်ရင် စိတ်ချင်းဝေးပါစေ။



Sunday, June 2, 2013

Sick


ဖျားပြီ။

ရုံးမှာ တုပ်ကွေးကာကွယ်ဆေးထိုးရတယ်။ အရင် ၂ နှစ်ထိုးတုန်းက ဘာမှမဖြစ်။ သူများတွေ ဆေးအရှိန်နဲ့ ဖျားကြတုန်း ကိုယ်ကအေးဆေး။ အခုတော့ ၀ဋ်လည်ပြီ။ ဆေးထိုးထားတဲ့ လက်မောင်းရင်းကလဲ ယောင်ပြီးအောင့်နေတယ်။ လူကလဲ ကိုယ်တွေဘာတွေ မပူဘဲနဲ့ ကိုယ်လက်မအီမသာဖြစ်လိုဖြစ်။ ဒါနဲ့ပဲ တန်ဖိုးရှိတဲ့ weekend ထဲက စနေတစ်ရက် ဘာမှ မလုပ်လိုက်ရတော့ဘူး။
ဖျားမှန်းမသိခင် မနက်ပိုင်းလေး ဈေးသွားထားလို့ တော်သေး။
ဈေးက၀ယ်လာတာလေးတွေ ပြမယ်နော်။ မျက်နှာသစ်ဆေးကုန်နေလို့ ၀ယ်ရတယ်။ ပြီးတော့ နို့ရည် ကုန်သွားလို့ နို့ရည်အစား Gel ၀ယ်လာတယ်။ နို့ရည်က ဆောင်းတွင်း အဆင်ပြေပေမယ့် အခုလို ရာသီဥတုမှာတော့ လိမ်းထားရင် အဆီတ၀င်းဝင်းနဲ့ ကိုယ့်မျက်နှာကိုယ် မကြည့်ချင်ဘူး :(


ဒီက ရာသီဥတုကလည်း ထူးဆန်းတယ်။ မေလဆန်းလောက်အထိ ညဘက်ဆို စောင်ခြုံရတယ်။ နေ့ခင်းဘက် ချွေးတစ်စက်မထွက်သေးဘူး။ အခု မေလကုန်ကျမှ အသားကုန်ကို ပူတော့တယ်။ မိုးတွင်းဆို ဒီထက်မက ပိုပူတယ်တဲ့။ ဆောင်းတွင်းရောက်ပြန်တော့ ဒီဇင်ဘာလောက်ကစပြီး အလွန်မတန် အေးတယ်။ ကိုရီးယားကားထဲမှာပဲ ကြည့်ဖူးတဲ့ အကျီအထူကြီးတွေ ဒီမှာ ဆောင်းတွင်းဆို တကယ်ဝတ်ရတယ်။
 
Kanebo Moisture Gel
သူ့ အနံ့က ပါတယ်ဆိုရုံလေး။ လိမ်းလိုက်ရင် အေးအေးလေးနဲ့ light လည်းဖြစ်တယ်။

3. လိမ်းပြီးပြီးချင်း

4. လိမ်းပြီး ၁မိနစ်အကြာ

Combination skin အတွက်တော့ ဒီတိုင်းလိမ်းကြည့်တာ အဆင်ပြေတယ်။ နောက် ၄ နာရီလောက်အထိ အဆီပြန်တက်မလာဘူး။ နောက်နေ့ ရုံးတက်လို့ မိတ်ကပ်နဲ့ တွဲသုံးရင်လဲ အဆီသိပ်မပြန်ဘဲ အဆင်ပြေမယ်ထင်ပါတယ်။ 

အခုတလော စာအုပ်တစ်အုပ်ဖတ်ရတာ သိပ်သဘောကျနေတယ်။

Addicted to Head First HTML and CSS ---- Really Brain Friendly Teaching

Headfirst labs က စာအုပ်တွေ … ထွက်တာဖြင့်ကြာပြီ။ ကိုယ်ကတော့ ခပ်ပြိန်းပြိန်းမို့ ခုမှသိတယ်။
အ်ာရီဂျင်နယ် ဆိုဒ်က ဒီမှာ။ စာအုပ်တွေ ဒေါင်းချင်ရင်တော့ ဒီကို သွားပါ။ ကိုယ့်လို ၀ယ်မဖတ်နိုင်သူများအတွက်ပါ။
HTML ကို ငယ်စဉ်တောင်ကျေး ကလေး ဘ၀ကတည်းက သင်လာပြီး နားမလည်လာတာတွေ ဒီစာအုပ်ဖတ်ပြီးမှ သဲသဲကွဲကွဲ သိတော့တယ် (ကိုယ်ညံ့လို့ပါ)။ ဘာသာရပ်တစ်ခုကို အခုမှ စလေ့လာ့မယ်သူတွေ Absolute Beginner တွေ အတွက် အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ဆို စာအုပ်တစ်အုပ် ပြီးအောင်ဖတ်ရမှာ အလွန်မတန် ပျင်းပါတယ်။ HTML ကို စိတ်ဝင်စားသော်ငြား ဘယ်စာအုပ်မှ ပြီးအောင် မဖတ်ဖူးပါ။ အခု ဒီစာအုပ်ကိုတော့ အလုပ်က ပြန်လာ ပင်ပန်းပြီးအိပ်ချင်ရင်တောင် နာရီဝက်လောက် တော့ရအောင် ဖတ်ပါတယ်။ တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အိုင်တီနဲ့ ပက်သက်တာ တော်တော်များ သူတို့ စာအုပ် စီးရီးတွေထဲမှာရှိပါတယ် … ဆြာကြီးတွေအတွက်တော့ မဟုတ်ဘူးပေါ့လေ။


အားလုံးပဲ မင်္ဂလာရှိသော တနင်္ဂနွေညဖြစ်ပါစေ။ မနက်ဖြန် တနင်္လာမှာလဲ ဆက်လက်မင်္ဂလာ ရှိနိုင်ကြပါစေ။