Monday, November 28, 2011

မုတ်သုန်

နိုဝင်ဘာလရဲ့ နောက်ဆုံးအပတ်ညနေခင်းဟာ ပန်းရောင်သန်းတယ်။ ရုံးကနေ အိမ်အပြန်လမ်းမှာ အ၀ါရောင် လယ်ကွင်းပြင် ၊ အဲဒီအပေါ်က မြူလွှာပါးပါး၊ ပြီးတော့ ပန်းနုရောင် ကောင်းကင် ….. ဘယ်ဆီဘယ်ဝယ် မျှော်ရီ တမ်းတတဲ့ အတွေးစတွေနဲ့ …. အေးစိမ့်နေတဲ့လေနဲ့ အရာအားလုံးဟာ နေထိုင်ကြီးပြင်းခဲ့ရာ နေရာနဲ့ တခြားစီ ဝေးနေတယ် ဆိုတဲ့ အသိဟာ နှလုံးသားကို ဆွတ်ပျံ့စေတယ်။

အိမ်ဘေးမှာ သစ်ပင်အကြီးကြီးတွေနဲ့ လမ်းကလေးရှိတယ်။ မိုးတွင်းဆို မိုးများလွန်းတဲ့ ဒေသမှာ အိမ်ဘေးက လမ်းကလေးကို အညောင်းအညာပြေ လမ်းလျှောက်ဖို့ မတွေးမိခဲ့ဘူး။ ခုတော့ ခြေခင်းလက်ခင်း သာတဲ့ ညနေတွေဆို သစ်ပင်အုပ်အုပ် နဲ့ လမ်းကလေးကို ငေးကြည့်တတ်ပြီ။ လှပါလားလို့ ခံစားတတ်ပြီ။ ပြီးတော့ မိုးဥတုရဲ့ နှောင်းပိုင်းနေ့တွေ ကုန်လွန်သွားပါပေါ့လားလို့လဲ တွေးတောတတ်ပြီ။

ရောက်ရောက်ချင်း နေသားမကျမှုတွေနဲ့၊ ဝေးကွာနေသူကို သတိရမှုတွေနဲ့ တစ်မိုးတွင်း ကုန်သွားတာကို သတိမထားဖြစ်ခဲ့ဘူး။ စိမ်းစိုနေတဲ့ သစ်ပင်တွေကို မမြင်မိခဲ့ဘူး။ မြေသင်းနံ့ ငွေ့ငွေ့ကို မခံစားမိခဲ့ဘူး။ မိုးရာသီ အငွေ့အသက်တွေ ပျောက်ကွယ် သွားတော့မှပဲ နှုက်ဆက်သွားတဲ့ မုတ်သုန်ကို လွမ်းမိတယ်။

အခုတလော ဘေးချင်းကပ်ရက် ရုံးမှာ တခြားအဖွဲ့အစည်းတွေမှာ အပြောင်းအလဲတွေ ဖြစ်ကြတယ်။ အရင် ရာထူးကိုပဲ ပြန်လျှောက်ရမယ့်သူနဲ့ …. လက်ရှိလုပ်နေတဲ့ နေရာ မရှိတော့ဘဲ နောက်နေရာ အသစ်ကိုပဲ ပြန်လျှောက်ရမယ့်သူနဲ့ …. ခနတာ ခွဲခွာဖို့ ပြင်ဆင်ရတဲ့ အချိန်ရောက်လာပြန်တယ်။ ပြန်လာဖို့လဲ ၁၀၀ ရာနှုန်းမသေချာဘူးဆိုတော့ ပြန်လာဖြစ်ကြပါစေလို့ ရင်ထဲက ဆုတောင်းပါတယ်။

၇လ ၈လ နီးပါး အိမ်နဲ့ဝေးတဲ့ နယ်အစွန်အဖျားမှာ အတူတူနေခဲ့တဲ့ သံယောဇဉ်ဟာ အခုအချိန်မှာ ရင့်မှည့်နေပြီ ဆိုတဲ့ အကြောင်း သံချောင်းခေါက်တယ်။ အယူအဆ တူတာ မတူတာရှိခဲ့၊ အဆင်ပြေတာ မပြေတာတွေ ရှိခဲ့လည်း သွေးမတော် သားမစပ်သူအချင်းချင်း အဆင်ပြေပြေ နေခဲ့ကြတာ ….. အိမ်လွမ်းသူချင်း အဖော်ပြုခဲ့ကြတဲ့ သူတွေ ပြန်တော့မယ်ဆိုတော့ မိသားစု တစ်ယောက်လို ၀မ်းနည်းတယ်။

မြန်မြန်ပြန်လာပါ အန်တီ။ အလုပ်အသစ်သွားမယ်ဆိုရင်လဲ ပိုပြီး အဆင်ပြေ ချမ်းမြေ့ပါစေ။ စစတွေ့ချင်း အန်တီ့စကား နားထောင်ရတာ နားညည်းတယ် ထင်ခဲ့ပေမယ့် အခုတော့ အန်တီနဲ့ နေ့တိုင်းစကားမပြောရရင် မနေတတ်တော့လို့ပါ။

မနေ့က တနင်္ဂနွေ ….. မီးဖို တစ်ဖိုကို တာဝန်ယူပီး လက်စွမ်းပြလိုက်တာ ၀က်အူချောင်း အလှီးမှာ ဒါးထိပါလေရော။ ဒဏ်ရာက လက်ညိုးမှာ ပုစိကွေးလောက် ထိပေမယ့် ရုံးတက်ရတော့ ပလာစတာ ကပ်ထားတဲ့ လက်က ကီးဘုတ်မရိုက်နိုင်ဘူး။ ဒီတော့မှပဲ လက်ညိုးတစ်ချောင်း အသုံးဝင်ပုံကို နားလည်တော့တယ်။ ဒါတောင် လက်ထိပ်ကလေးတင် ထိလို့ ဒီလက်ညှိုးသာ ဒီပုံ ဆက်ဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ မတွေးတတ်ဘူး။

နောက်တခါ မုတ်သုန် ရောက်လာရင် သေသေချာချာ အလေးထားပါ့မယ်။ နောက်တကြိမ်ဆိုတာအထိ ဒီအသက် ဒီခန္ဓာ ရှိနေသေးတယ် ဆိုရင်ပေါ့လေ။

Saturday, October 22, 2011

Fruit Ninja



ညီမလေးဆီက ipod လေး ခန ယူသုံးရင်းနဲ့ Fruit Ninja ဆိုတဲ့ အသီးတွေ ခွဲရတဲ့ ဂိမ်းလေးကို ခုတလော စွဲစွဲလန်းလန်း ကစားဖြစ်နေပါတယ်။

သွားလေသူ ပန်းသီးချစ်သူကြီးရဲ့ ipod ထဲက ဂိမ်းဆိုပေတော့ လှကလဲလှ ကစားလို့လဲ ကောင်း … စိတ်ညစ်တာ စိတ်ပျော်တာ အကုန်မေ့သွားအောင် ကျမကတော့ ဒီဂိမ်းလေးကို ချစ်ပါတယ်။

Touch screen ဆိုတာလဲ အခုမှ ပဲ ပထမဆုံး လက်နဲ့ ပွတ်ဆွဲဖူးတာမို့ (အရင်ကတော့ မြင်ဖူးရုံပေါ့လေ) သဘောတွေ တကျကျနဲ့ အချိန်လေးအားတာနဲ့ အသီးခွဲတဲ့ ကိစ္စမှာပဲ ၀ါယမ စိုက်ထုတ်မိနေပါတယ်။


အသီးလေးတွေ ခွဲရတာ ပျော်ဖို့ ကောင်းပါတယ်။ စိတ်လည်း ချမ်းသာပါရဲ့ … design လေးကလဲ လှမှလှပါပဲ။ ဖရဲသီး လိမ္မော်သီး ပန်းသီး စတော်ဗယ်ရီ အသီးစုံ အသီးလှလှလေးတွေကို လက်နဲ့ ရွှတ်ခနဲ ပွတ်အဆွဲမှာ ရွှမ်းခနဲ ရွှမ်းခနဲ အသီးတွေကွဲသွားတာ ကျမတော့ သိပ်ပျော်တာပါ။ သူ့ဂိမ်းက အလာကြီးပါ …. အသီးတွေ ရွှမ်းခနဲ ကွဲသွားရင် screen မှာ ဖတ်ခနဲ ကွဲသွားတဲ့ သစ်သီးတွေက အရည်တွေ ပါ စိုသွားတဲ့ပုံစံ … ဥပမာ ဖရဲသီးတွေကို ရွှတ်ခနဲ ရွှတ်ခနဲ ခွဲလိုက်ရင် ဖရဲသီး အနီရောင် အရည်တွေက screen မှာပါ ဖတ်ခနဲ ဖတ်ခနဲ ကပ်သွားတာပါ မြင်ရသေးဆိုတော့ …. မမြင်ဖူး မူးမြစ်ထင် ပဲ ဆိုဆို … ကျမ အတွက်တော့ သစ်သီးခွဲနေရရင် ကမ္ဘာလောကကြီးကို မေ့နေသလိုလို။


စစကစားချင်းကတော့ အသီးလှလှလေးတွေကို ခွဲနေရရင်ပဲ ပျော်နေတာပါ … တခါတလေ သုံးလေးလုံး တစ်ခါထဲ တစ်ချက်ထဲနဲ့ ခွဲနိုင်ရင် သိပ်သဘောကျ … တက်လာတဲ့ အသီးလေးတွေ တစ်တန်းထဲ ဖြစ်အောင် အချိန်စောင့် …. ပြီးတော့ လက်နဲ့ တစ်ချက်ထဲ ရွှတ်ခနဲ ပွတ်အဆွဲမှာ ရွှမ်းခနဲ ကွဲသွားတဲ့ သစ်သီးလေးတွေ အရသာခံကြည့် …. အဲ့လို လှလှပပလေးနဲ့ အလုံးများများ တခါထဲ ခွဲနိုင်အောာင်လဲ စိတ်ရှည် သည်းခံ စောင့်တတ်ပြီ။ အဲ နည်းနည်းလေး ကစားသက် ကြာလာတော့ အမှတ်ဆိုတာလေးပါ လိုချင်လာပါရော။ အသီးလေးတွေကို ပညာကုန်သုံးပြီး လှတပတလေး ခွဲနေရတာနဲ့တင် အားမရတော့ပါဘူး … လောဘက တက်လာပါပြီ။ တဆင့်ပီးရင် အမှတ်ဘယ်လောက်ရလဲဆိုတာလဲ ကြည့်ဖို့ စိတ်ထဲ ရှိလာပါပြီ။

ဒီလိုနဲ့ တစ်ပွဲပြီး တစ်ပွဲပြီးလာတော့ အမှတ်နည်းတဲ့ ပွဲတွေဆို စိတ်က မကျေနပ်ချင်တော့ဘူး။ နောက်တစ်ပွဲကျ များများရအောင် ခွဲမှလို့ တွေးရင်း အသီးတွေကို လောဘတကြီး နဲ့ ထိုင်ထိုင်ခွဲဖို့ပဲ အချိန်ရတိုင်း စဉ်းစားနေမိတော့တာ။ ထမင်းစားဆင်းလဲ အသီးခွဲဖို့ နေ့ခင်း tea time လဲ အသီးခွဲဖို့ ညနေ ဖယ်ရီပေါ်လဲ အသီးခွဲဖို့ ည မအိပ်ခင်လဲ အသီးခွဲဖို့။

ဒီလိုနဲ့ တစ်ရက်မှာတော့ ဥာဏ်ကြီးရှင် ကျမ အကြံရတာက အသီးတွေကို အမှတ်အများဆုံးရတဲ့ ခွဲနည်းပါ။ ဒီ game ရဲ့ သဘောက အသီးတွေက touch screen ရဲ့အောက်ခြေကနေ အပေါ်ဘက်ကို မြောက်မြောက်ပြီး တက်လာတာပါ။ အဲ့လို မြောက်ပြီး တက်လာတဲ့ အသီးလေးတွေကိုမှ ဓားထက်ထက်နဲ့ ခွဲချလိုက်သလိုမျိုး လက်ကလေးနဲ အသာ ပွတ်ဆွဲလိုက်ရတာပါ။ ကဲ ဒီတော့ စာဖတ်နေသူတွေလဲ စဉ်းစားမိရောပေါ့ … အမှတ်များများရချင်တာများကွယ် …. ခက်ခက်လို့ …. အသီးလေးတွေကို screen အောက်ခြေကနေ အပေါ်ကို တက်ခွင့်မပေးတော့ဘဲ game စပြီ ဆိုတာနဲ့ screen အောက်ခြေမှာ လက်ညှိုးလေးထားပီး ဟိုဘက်ဒီဘက် non stop ပွတ်ဆွဲနေပေရော့ပဲ။

ငါ့နှယ်ကွယ် စောစောကသိရင် ပြီးနေပြီ …. ဒီလိုနည်းနဲ့ ဆော့လိုက်တာ တခါမှ မရဘူးတဲ့ အမှတ်တွေကိုပါ ရကရော …… အလျားလိုက် အမြန်ပွတ်ဆွဲရလွန်းလို့ လက်ထိပ်လေးတွေ နည်းနည်းပူတာကလွဲရင်ပေါ့လေ။

ကဲ ဥာဏ်ကြီးရှင် အသီးခွဲသူ … အသီးခွဲသက်လဲ ကြာပြီ … အမှတ်အများဆုံးရတဲ့ ခွဲနည်းလဲ သိပြီ ….. အမှတ်တွေ အများကြီးရတော့ ပျော်သလား။ ကိုယ့်ဘာသာ ပြန်မေးမိတဲ့ မေးခွန်းလေးပါ။ ဟုတ်ကဲ့ အဖြေက သိပ်ရှင်းပါတယ်။ ကျမ မပျော်ပါဘူး။

အမှတ်တွေများပါတယ် ဟုတ်ပါတယ် …… ဘာမှလဲ ခံစား စဉ်းစားနေစရာ မလိုပါဘူး ။ လုပ်ဖို့က တစ်ခုထဲပဲ … မြန်နိုင်သမျှ အမြန်နှုန်းနဲ့ တက်လာသမျှ အသီးတွေကို ဘာသီးလဲလို့ သိနိုင်တဲ့ အချိန်မရောက်ခင်လေးမှာတင် ကိစ္စတုံးလိုက်ဖို့။ ဒါပေမယ့် ဒါက အမှတ်များများရဖို့ပဲ အလုပ်ဖြစ်ပါတယ်။

ကျမ စွဲလန်းခဲ့ရတဲ့ အသီးလှလှလေးတွေ ရွှတ်ခနဲ ကွဲသွားတဲ့ မြင်ကွင်းကို အရသာခံ ကြည့်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

ဒီဂိမ်းမှာတော့ အလွန်ရိုးရှင်းပါတယ် … ချက်ချင်းလက်ငင်း အမှတ်များများ လိုချင်ရင် အသီးလေးတွေကို အနုပညာမြောက်စွာနဲ့ လှလှပပ ခွဲမနေနဲ့တော့ … အရသာခံပီး ပျော်ရွှင်နေမယ့် အချိန်တွေကို အမှတ်များများနဲ့ လဲလိုက်ရုံပါပဲ။

၁ခုရရင် နောက်၁ခုမရဘူး။

ကျမတို့နေ့စဉ် ဖြတ်သန်းနေတဲ့ဘ၀မှာရော …. ဒီတစ်ခု ပြီးရင် နောက်တစ်ခု … ဒီပန်းတိုင် ပြီးရင် နောက်ပန်းတိုင် တစ်ခုရယ်လို့ ပန်းတိုင်တွေကို ဇယ်ဆက်ပြီး ဖြတ်သန်းနေရတာ … နေရထိုင်ရတာ အရသာ ရှိပါရဲ့လား။ ကိုယ့်ဘာသာ ကိုယ့်ရင်ဘတ်ကို ပြန်မေးမိတဲ့ မေးခွန်းပါ။

ပန်းတိုင်မရှိရင် လမ်းပျောက်သွားမှာပေါ့ …. ဒါပေမယ့် အဲဒီ ပန်းတိုင်ဆိုတဲ့ အချိန်ကို မရောက်ခင် ဖြတ်သန်းနေရတဲ့ နေ့စဉ်နေထိုင်ဖြတ်သန်းတဲ့အချိန်တွေ အလုပ်လုပ်နေတဲ့ အချိန်လေးတွေကရော အရသာ ရှိရှိ နေဖို့ရာ မထိုက်တန်ဘူးလား တန်ဖိုးမရှိဘူးလား။

ကိုယ်နေထိုင်တဲ့ဘ၀ကို လှလှပပလေး စောင့်ကြည့်ဖို့တော့ လူဖြစ်လာရတာ ထိုက်တန်တယ်ထင်တာပါပဲ။

တစ်ခါထက်တစ်ခါ အမှတ်တွေပိုများလာအောင်တော့ ကျမတို့ ကစားရပါမယ် …. ဒါပေမယ့် အဲဒီလို များများလာတာဟာ ဒီဂိမ်းလေးကို အနုပညာမြောက်စွာ ကစားရင်းနဲ့မှ ရှာဖွေတွေ့ရှိလာမယ့် နည်းလမ်းအသစ်တွေ နဲ့ ပိုလို့များတဲ့ အမှတ်တွေကို ဆက်ယူသွားမယ်ဆိုရင် ဂိမ်းကစားရခြင်းဟာ ပိုလို့ အဓိပ္ပါယ် ရှိလာပါလိ့မ်မယ်။

အခြေအနေမပေးလို့ ချက်ချင်းလက်ငင်း အမှတ်များများရတဲ့ လမ်းကို ရွေးနေရပါတယ်ဆိုရင်လဲ တချိန်ချိန်မှာ ကိုယ့်နှလုံးသားက စေညွှန်ရာလမ်းကို လိုက်ဖို့ ကျမတို့ အချိန်စောင့်ကြတာပေါ့။

Sunday, April 10, 2011

Green


ဒီမြို့လေးမှာ စိတ်ချမ်းသာစရာ နောက်တစ်ခုက သစ်ပင်တွေ ရှိတာပါ။ ရုံးမှာဆို သစ်ပင် အကြီးကြီးတွေ ရှိပါတယ်။ ရုံးရှေ့ တည့်တည့်က ကုက္ကိုပင်ကြီးဆို တစ်ဝင်းလုံးကို အရိပ်ရလောက်အောင် အေးပါတယ်။ နောက် .... ရုံးနောက်မှာ လူက ပြုပြင်ဖန်တီးထားတာ မဟုတ်တဲ့ သစ်ပင်တွေရှိပါသေးတယ်။ သဘာဝအတိုင်းရှိနေတဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ တောင်ကုန်းပြေပြေတွေ၊ မြေပြန့်ပြန့်မှာ မြတ်ပင်လို အပင်စိမ်းစိမ်းလေးတွေကို working hours မှာ တွေ့မြင်နေနိုင်တာ အတော်ကျေနပ်မိပါတယ်။ တစ်ခုပဲ ... အဲဒီ သဘာဝ တရားတွေနဲ့ သံဇကာ စိပ်စိပ်လေး ခြားထားတာပါ။ အဲဒီလိုမှ ခြားမထားရင်လဲ မြွေတွေ ၀င်လာတတ်တယ်တဲ့။တော်သေးတာပေါ့ .... မဟုတ်ရင် ကော်ဖီ ထွက်သောက်တိုင်း မြွေအန္တရာယ် ကာကွယ်ရေးကို လိုက်နာ နေရပါဦးမယ်။

အခုစာထိုင်ရေးနေတဲ့ ၀ရန်တာလေးကကြည့်ရင်လဲ သစ်ပင်စိမ်းစိမ်းတွေ မြင်ရပါတယ်။ အိမ်ရှေ့မှာ ဗံဒါပင် အကြီးကြီးရှိတာမို့ ကိုယ့်နေရာ ၃ ထပ်ကနေ အောက်ကို ငုံ့ကြည့်လိုက်ရင် ဗံဒါရွက်တွေ အုံ့အုံ့ဆိုင်းဆိုင်း အများကြီး တွေ့ရတယ်။ ဗံဒါရွက်စိမ်းစိမ်းတွေက ၀ရံတာလေးကို ထိလို့ သိပ်သဘောကျစရာ ကောင်းပါတယ်။ နောက် ပိတောက်၊ ကုက္ကို၊ သရက်ပင် အုပ်အုပ်တွေရှိတယ်။ ဒီမှာတော့ အစိမ်းရောင်တွေနဲ့ သံဇကာ မခြားပါဘူး။ သံတိုင်တွေပဲ ခြားထားပါတယ်။ ကိုယ်ကတော့ ကိစ္စမရှိပါ။ အစိမ်းရောင်တွေဆီ သွားချင်ရင် တံခါးဖွင့်ပြီး အောက်ဆင်းပြီးသွားလိုက်ရုံပါပဲ။ ကိုယ့်စိတ်ဆန္ဒအတိုင်း လုပ်ခွင့်မရှိ အိမ်ပြင်ကို ထွက်ခွင့်မရှိတဲ့ ဒေသခံ အမျိုးသမီးတွေထဲမှာရော ...... ကိုယ့်လို အစိမ်းရောင်ချစ်တဲ့သူတွေရှိမလား ........ သိချင်မိပါတယ်။

Monday, April 4, 2011

April 05 2011



ချစ်ရသူတွေနဲ့ ရေမြေခြားတယ်။ နိုင်ငံတော့ မခြားပါဘူး။ တောင်တွေ ကာရံထားတယ်။ မနက်ရုံးတက်တိုင်း တောင်တွေကို မြင်ရတာ စိတ်ချမ်းသာတယ်။ ဘ၀မှာ တကယ်လိုအပ်တာ ဘာလဲ တွေးမိတယ်။ တွေးမိတိုင်းလဲ တရားထိုင်ဖို့ စဉ်းစားတယ်။ စဉ်းစားတိုင်း နောက်တစ်နေ့မနက်မှ လို့ အချိန်ဆွဲတယ်။ မနက်ရောက်တော့ ထုံးစံအတိုင်း အပြေးအလွှားအိပ်ယာထတယ်။ ဘုရားတောင် မရှိခိုးနိုင်တော့ဘူး။

တဖြည်းဖြည်းနဲ့တော့ အလုပ်နဲ့ နေသားကျလာပြီ ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဥာဏ်ရည် ဒီလောက်ပဲ ရှိမှန်းသိရင် ငယ်တုန်းက တခြားဝါသနာ ပိုပါတာ ပြောင်းလုပ်ပါတယ်။ အခုတော့ အလုပ်အသစ် ပြောင်းတိုင်း struggle လုပ်ရတယ်။ သူများတွေ အတွက် ထမင်းစားရေသောက် ကိစ္စက ကိုယ့်အတွက် ခက်ခဲနေတယ်။ ဘယ်တတ်နိုင်မလဲ ..... မမှီမကမ်း တွေးခေါ်စဉ်းစားပြီး တတ်နိုင်သမျှ လုပ်ပါတယ်။

စာရေးချင်တယ်လို့လည်း ခနခန တွေးမိတယ်။ ဒီလိုစာမျိုးပဲ ချရေးတတ်တော့ခက်သား။ အက်ဆေးမဖြစ်တဖြစ်၊ ကဗျာလိုလိုတွေလဲ ရေးဖို့တော်တော်ခက်နေတယ်။ ကဗျာဘက်တော့ ပါရမီ နည်းနည်းပါတယ် ထင်ပါတယ်။ ဒါလည်း မရေးဖြစ်တာ ကြာပါပြီ။ ဟိုအရင်တခါ အသည်းအသန် အသဲကွဲတုန်းက နောက်ဆုံးရေးဖြစ်တယ်။ ခုတော့ ချစ်သူကလည်း စိတ်ချမ်းသာအောင် ထားပါတယ်။

အခုရေးတဲ့ပုံစံက တစ်ယောက်ယောက်နဲ့များ ဆင်တူနေမလား။ တူနေရင်လည်း ဖတ်ပါများ လို့ တူသွား တယ်လို့ မှတ်ပေးကြပါ။ စိတ်ထဲရှိတာချရေးရလို့ စိတ်ချမ်းသာပါတယ်။ ဒါကြောင့် သူများတွေ ဒီလို ရေးကြတာပဲလို့ ခုသဘောပေါက်ပါတယ်။