Saturday, May 25, 2013

Moonlight



လဟာလှတယ်။ အဲဒီတော့ ညဟာလည်း သိပ်လှတယ်။ အပြင်မှာမြင်ရတဲ့ ခဲရောင်တိမ်ဆုပ်တွေကြားက ရွှေရောင်အလင်းတန်းတွေ ဖြာကျတဲ့ ညဟာ စာနဲ့ ရေးပြရခက်အောင်ကိုလှတယ်။ အလှကို မှတ်တမ်းတင်ချင်တဲ့ ကိုယ်ဟာ ရှိတဲ့ ဖုန်းက ကင်မရာနဲ့ပဲ ရိုက်ပါတယ်။ လနဲ့ ညရဲ့ အလှကို နည်းနည်းလေးမှ မဖမ်းမိနိုင်သော်ငြား ဒီညမှာတော့ ဒီလိုလှခဲ့ပါတယ်လို့  ပြန်စဉ်းစားနိုင်ဖို့  ရိုက်ပါတယ်။

တိတ်ဆိတ်တဲ့ည၊ အေးဆေးတဲ့ည၊ သိပ်လှတဲ့ညမှာ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေကို ပြန်သတိရတယ်။ မက်ခဲ့ဖူးတဲ့ အိမ်မက်တွေကို ပြန်လွမ်းတယ်။ ထားခဲ့ဖူးတဲ့ မျှော်လင့်ချက်တွေကို တမ်းတတယ်။ ဟိုးကုန်ခဲ့တဲ့ လူငယ်ဘ၀ကို တမ်းမက်တယ်။ အိမ်မက်တွေအပြည့်နဲ့ဘ၀ ….. အဲဒီဘ၀ကို အခုရှိနေတဲ့ အချိန်တွေထက် ပြန်လိုချင် ပါတယ်ဆိုရင် ကိုယ်သိပ်လွန်နေမလား။ လွန်ခဲ့တဲ့ တစ်နှစ် ဒီလိုအချိန်မှာ အသိညီမလေး တစ်ယောက်က မေးဖူးတယ်။ လုပ်သင့်တာနဲ့ လုပ်ချင်တာနဲ့ ဘယ်ဟာကို လုပ်ရမလဲတဲ့။

ကိုယ်လုပ်ချင်တယ်ဆိုတဲ့အရာက တခြားသူတွေအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ဘူးဆိုရင် …. သူတပါးကို မထိခိုက်ဘူးဆိုရင် လုပ်ချင်တာကိုပဲ လုပ်ပါလို့  မဆိုင်းမတွ ဖြေခဲ့ဖူးတယ်။ လုပ်ချင်တာကို မလုပ်ခဲ့ရင် နောင်တစ်သက်လုံး ငါမလုပ်လိုက်မိပါလားလို့ နောင်တတွေနဲ့ နေရလိမ့်မယ်လို့လဲ ကိုယ်ပြောခဲ့ဖူးတယ်။

အဲဒီလိုပြောခဲ့တဲ့ ကိုယ်ဟာ လုပ်သင့်တာရော လုပ်ချင်တာရော မလုပ်ခဲ့သူပါ။
ကိုယ်လုပ်ချင်တာကို လုပ်သင့်တဲ့အချိန်မှာ မလုပ်ခဲ့မိဘူး …………………..။
ဒီလိုနဲ့ ကုန်သွားတဲ့အချိန်တွေကို ကိုယ်ပြန်မရနိုင်တော့ဘူး။ ဆုံးမစကားတွေပါတဲ့ စာအုပ်ထဲမှာ  ခနခန ဖတ်ခဲ့ဖူးပေမယ့် ကိုယ်တကယ် ပြန်မရနိုင်တဲ့အခါ …… ဘ၀နဲ့ ရင်းပြီး သိရတာ ရင်နာစရာ။
အခုတော့ ကိုယ်ဟာ တခါတခါ လသာတဲ့ညတွေမှာ ငယ်တုန်းက ဖမ်းဆုပ်မရခဲ့တဲ့ လရောင်ကို ပြန်များတွေ့လေမလားရယ်လို့  …..တခါတခါ မျှော်လင့်မိရုံသာ …………….။

Thursday, May 16, 2013

TGIF

သောကြာနေ့   ဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်ပေါ့။

သောကြာရောက်လိုက် စိတ်ချမ်းသာလိုက် .... တနင်္လာရာက်လိုက် စိတ်ပြန်ညစ်လိုက်နဲ့  ... ဘ၀ သံသရာ မပြောနဲ့   ... တစ်လ သံသရာမှာတောင် အတော် သံဝေဂ ရစရာပါလားလို့   တွေးတတ်ရင်တော့ ကောင်းတာပေါ့လေ။

အခုက မတွေးတတ်လို့  ခက်နေတာ :D

တခါတခါလဲ စဉ်းစားမိပါရဲ့  ..... ငယ်ငယ်တုန်းကနေ အခုထိ တပင်တပန်းလုပ်လာတာတွေဟာ အခုလို stress တွေနဲ့  နေ့  တိုင်းနေနေဖို့  လားလို့  ။ ဒီလိုချည်းပဲတော့ မနေချင်ဘူးကွယ် .... စိတ်ချမ်းသာအောင် ရှာကြံနေလဲ ခနပါပဲ။ တနင်္လာ - သောကြာမှာ စိတ်ဆင်းရဲ ၀ဲဂယက်ထဲ တဖန်ပြန်နစ်ပြန်ရော။

ကဲ ရှေ့  တစ်ပါတ် ဘာပဲဖြစ်ဖြစ် အခုတော့ Happy & Fresh ဖြစ်နေပါတယ်။ ကိုယ့်စိတ်ကိုယ် ဒီထက်ပို ချမ်းသာအောင် ထားနိုင်ဖို့   လာမယ့် weekend မှာ ကြိုးစားလိုက်ပါဦးမယ်။

ဓါတ်ပုံမရိုက်ရ မနေနိုင်တာလဲ ရောဂါ တစ်မျိုးပဲလို့   ရုံးက အမက ပြောပါတယ်။ ဘာဖြစ်ဖြစ် ကိုယ်စိတ်ချမ်းသာဖို့  အဓိကမို့  လား ........။

အင်စတာဂရမ်မှာ လက်ဆော့ထားတာလေးတွေ


Happy Friday Everyone!

Wednesday, May 15, 2013

ပုဇင်းရင်ကွဲတွေ အော်နေကြတယ် အော်နေကြတယ်

ပုဇင်းရင်ကွဲတွေ တကယ်ကြီးအော်တာပါ။ ရုံးထဲက လိုင်ချီးပင်ပေါ်မှာ ... ဆူညံနေတာ။ နေ့  ခင်းကြောင်တောင် နားကွဲမတတ် ပုဇင်းတွေ အော်တာ ဒီတစ်ခါပဲ ကြားဖူးပါသေးတယ်။

ကိုယ်တို့  ရုံးဝင်းထဲမှာ လိုင်ချီးပင်ရှိတယ်။ အောက်ပြည်အောက်ရွာမှာ ကြီးပြင်းတဲ့သူတွေ အဖို့  လိုင်ချီးသီးဆိုတာ ဈေးထဲမှာပဲ မြင်ဖူးခဲ့တာ။ အခုတော့ အပင်အကြီးကြီးတစ်ခုလုံး ရုံးဝင်းထဲမှာ ရှိတာ ပျော်စရာ။ ရုံးဘေးမှာလဲ ကြက်မောက်ပင် တစ်ပင်ရှိသေးတယ်။ အသီးပိစိလေးတွေ သီးနေပြီ။

ဒါက အသီးတွေ ပြွတ်နေတဲ့ လိုင်ချီးပင်


ဒါက ကိုယ့်စားပွဲပေါ်ရောက်လာတဲ့ အသီးချိုချိုလေးတွေ


အသီးတွေက တော်တော်လေးချိုတယ်။ ရန်ကုန်မှာ ၀ယ်စားရတာထက် အများကြီး ပိုချိုပါတယ်။

အားလုံးပဲ ပျင်းရိငြီးငွေ့  စရာ နေ့  လည်ခင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေ။ ကိုယ်ကတော့ အသီးစားရင်း ကျော်ဖြတ်လိုက်ဦးမယ်။ အချိုစားတာ stress တွေလျော့ကျစေတယ်လို့  တော့ ပြောတာပဲ။

Sunday, May 12, 2013

တိမ်ပြာပြာနေ့ တစ်နေ့ ဆန်းဒေးမှာကွယ်



ဒီနေ့ ကိုယ့်အချစ်ဆုံး သူငယ်ချင်းလေး စေ့စပ်ပါတယ်။ မနေ့က သူရန်ကုန်ရောက်တော့ ဖုန်းဆက်တယ်။ သူနဲ့ ကိုယ် အပြင်မှာ မတွေ့ရတာ ဘာလိုလိုနဲ့ ၄ နှစ်ကျော်လောက်ရှိတော့မယ်။
သူ့အတွက် ထိုက်တန်သူနဲ့ တွေ့သွားတာ ကိုယ်တကယ်ဝမ်းသာပါတယ်။ သူက သဘောကောင်းတယ်။ သူ့မိသားစု နောက်ခံအခြေအနေနဲ့ဆို ဟန်တခွဲသားနဲ့ နေလို့ရပေမယ့် အလွန်ပွင့်လင်းတယ်။ ဟိတ်ဟန်နည်းတယ်။ ချောလဲချော ချစ်စရာလဲကောင်းတယ်။ သူ့စေစပ်ပွဲ ကိုယ်သွားချင်ပေမယ့် လေယာဉ်ခ က လဲ ဒီနဲ့ ရန်ကုန် အသွားအပြန် ၃သိန်းလောက်ကုန်မှာ ကိုယ်မတတ်နိုင်။ ဒီတော့ မင်္ဂလာဆောင်ရင်တော့ ဆက်ဆက်လာပါ့မယ်လို့ပဲ သူ့ကို ချော့ထားရတယ်။
တနင်္ဂနွေမှာ သူများတွေ ဘယ်လိုအချိန်ကုန်လဲ မသိပေမယ့် ကိုယ်ကတော့ အ၀တ်တွေလျှော်၊ ထမင်းချက်စား၊ ပြီးတော့ အလုပ်နဲ့ခနဝေးတဲ့တစ်ရက်မှာ စိတ်အေးလက်အေးစာဖတ်၊ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ ကော်ဖီသောက်၊ အသီးစား ဒီလိုနေရင်းနဲ့ပဲ ပျော်ပါတယ်။ ရှောပင်းစင်တာတွေလဲမရှိ၊ လျှောက်လည်စရာ သူငယ်ချင်းလဲမရှိ၊ မိသားစုနဲ့ လဲ ဝေးနေပေမယ့် စိတ်ကို တတ်နိုင်သမျှ ရှိတာလေးနဲ့ ချမ်းသာအောင် ထားဖို့ ကြိုးစားပါတယ်။
စိတ်ချမ်းသာမှုကို တိုင်းတာတဲ့ indicator ဆိုတာလဲ လူတစ်ယောက်နဲ့ တစ်ယောက်၊ အချိန်အခါ အခြေအနေ တစ်ခုနဲ့ တစ်ခု တူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ကာ ရှိတာလေးနဲ့ပဲ အဆင်ပြေအောင် နေတတ်ဖို့ ကြိုးစားရတယ်။
ကိုယ့်အတွက် indicator ကတော့ ပူပင်သောကတွေ ခနမေ့ထားရမယ် …. စိတ်အေးလက်အေး နဲ့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်နေရမယ်ဆိုရင် စိတ်ချမ်းသာမှုဆိုတဲ့ outcome ရာနှုန်းပြည့်ထွက်ပါတယ်။

အားလုံးပဲ ပျော်ရွှင်စိတ်ချမ်းသာတဲ့ တနင်္ဂနွေဖြစ်ပါစေ။


Saturday, May 11, 2013

သောကြာပြီး နောက်တစ်နေ့

 ဒီနေ့  ဟာ စနေနေ့  ဖြစ်တယ်ဆိုတာနဲ့  တင် အရာရာ အားလုံး လှပပြည့်စုံပြီးသား ဖြစ်နေပြီ။ အချိန်စာရင်းတွေကနေ ခေတ္တခန ကင်းလွတ်ခွင့်ရတဲ့နေ့  ၊ deadline တွေကနေ ခေတ္တခန လွတ်မြောက်ခွင့် ရတဲ့နေ့   ။
တစ်ပတ်လုံး ထမ်းထားရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ အလိုက်အထိုက် ပြောဆိုဆက်ဆံရမှုတွေ၊ အလုပ်တွေကြားထဲကနေ ကိုယ့်စိတ်ထဲကို ခနတဖြုတ် ဖြတ်ဝင်လာတဲ့ ကိုယ့်ဘ၀ကိုယ် အလိုမကျမှုတွေကို မနေ့  က သောကြာနေ့  မှာတင် ထားခဲ့လိုက်ပြီ။
အခုဆို ကိုယ် အလုပ်အသစ် တစ်ခု ရောက်တာ ၆ လ ကျော်ကျော် ကြာခဲ့ပြီ။ ထုံးစံအတိုင်း စစ ချင်း ၃လ မှာ သေတော့မလို စိတ်ပင်ပန်းတယ်။ ကိုယ် မလုပ်နိုင်တော့ဘူးလို့  လက်လျှော့ချင်တယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟိုးအရင်တုန်းက ဒီဘလော့မှာတင် ရေးခဲ့တဲ့ ပိုစ့်လေး တစ်ခု ကို ပြန်ဖတ်မိတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းက မြန်မာပြည် အစွန်အဖျား မြို့ လေးတစ်မြို့  မှာ ပဲ အလုပ်အသစ်တစ်ခု ကို စ၀င်ဝင်ချင်း ရေးခဲ့တာ။ ကိုယ် မလုပ်နိုင်လောက်ဘူးလို့  အဲဒီတုန်းကလဲ ထင်ခဲ့တယ်။ ပြီးတော့လဲ အဆင်ပြေသွားခဲ့တာပါပဲ။ နေရာအသစ် အလုပ်အကိုင်အသစ်မှာ စစချင်းဆို ကြောက်လန့်  ပြီး အဆင်မပြေဖြစ်တတ်တဲ့ ကိုယ့်အကျင့်ကို ပြန်သတိထားမိသွားတယ်။ ဒါနဲ့  ပဲ ပီးခဲ့တဲ့ ၃လ က စိတ်သက်သာရာ ပြန်ရခဲ့တယ်။ ငါ နောက်ဆို အဆင်ပြေသွားမှာပါလို့ လဲ အားတင်းခဲ့တယ်။
အခုတော့ အလုပ်ထဲမှာ အရင်ကလောက် အခြေအနေ မဆိုးတော့ပါဘူး။
လူတွေရဲ့  ပြောင်းလဲတတ်တဲ့ စိတ်တွေကိုလဲ အရင်လို လိုက်မခံစားတတ်တော့အောင် ကြိုးစားနေတယ်။
ကောင်းတယ်ထင်တာတွေ ထင်သလောက် မကောင်းသလို၊ မကောင်းဘူးထင်တာတွေလဲ ထင်သလောက် မဆိုးကြောင်း သိလာရတယ်။ ကိုယ့်စိတ်တောင် ကိုယ်အစိုးမရတာ၊ သူတပါးရဲ့  ကိုယ့်အပေါ် အထင်အမြင်နဲ့  ဆက်ဆံမှုတွေအတွက် အချိန်ပေးပီး စိတ်မကောင်းဖြစ်မနေချင်တော့ဘူး။
မနေ့  က ဆို ၅ ရက်လုံးလုံး အလုပ်ဖိစီးမှုတွေနဲ့   စိတ်ရော လူရော နုံးခွေနေရတဲ့ အထဲ၊ ကိုယ်ဖြစ်ချင်တာတွေ အခုထိ ဖြစ်မလာသေးလို့   .... ကိုယ်ဟာ ဒီနေရာမှာ ရှိနေသင့်တယ်လို့  မခံစားရလို့  စိတ်ပင်ပန်းနေချိန် ... ရုံးက အကိုတစ်ယောက် Gtalk မှာ တင်ထားတဲ့  msg လေး တစ်ခုကို မြင်လိုက်တဲ့ အခိုက်အတန့်   ကိုယ်အသိတရား ပြန်ရသွားတယ်။
... အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဖို့  .... ဆိုတဲ့  စာလေး တစ်ကြောင်းဟာ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့  ပိတ်မိနေတဲ့ ကိုယ့်စိတ်နှလုံးကို ကြည်လင် ထွက်ပေါက်ရစေတယ်။ ဒါနဲ့  ပဲ မျိုးကြီးရဲ့  အဲဒီသီချင်းလေးကို ပြန်ရှာနားထောင်းရင်း ဟိုးတစ်လောက ရိုက်ထားတဲ့ ပန်းပုံလှလှလေးတွေ ပြန်ရှာတင်ရင်း ပီးခဲ့တဲ့ သောကြာကို နှုတ်ဆက်လိုက်ပါတယ်။

ဟိုးတလောက ဘဏ်သွားရင်းနဲ့  အရှေ့  မှာစိုက်ထားတာတွေ့ လို့  ရိုက်လာတာ။ အရောင်လေးတွေရော အပွင့်သေးသေးလေးတွေရော အရမ်းချစ်စရာ ကောင်းပါတယ်။ ဖုန်းထဲမှာ ပိုလှတယ် ... အခုက size လျှော့ထားလို့   သိပ်မလှဘူးဖြစ်နေတယ်။

စကားမစပ် ကိုယ် ဓါတ်ပုံတင်လိုက် ဘလော့မှာ ပို့စ် တင်လိုက် လုပ်နေတာ ဖုန်းအင်တာနက်နဲ့  ပါ။ အရမ်းမမြန်ပေမယ့် ဒါလောက် လေး လုပ်လို့  ရနေတာကိုပဲ အတော် စိတ်ချမ်းသာပါတယ်။

အားလုံးပဲ ပျော်ရွှင်စိတ်ချမ်းသာစရာ weekend ဖြစ်ပါစေ။

Tuesday, May 7, 2013

မိုးရွာမယ် မိုးရွာမယ် မထင်မိပါလို့

ဟိုတောင်ဆီက မိုးတွေညို့  ပြီဆိုရင်ဖြင့် နားထဲ အလိုလိုကြားလာတာက

"ဟိုတောင်ပေါ် ဟိုတောင်ပေါ်ရိုးဆီက မြူခိုးတွေလွင်
မိုးရွာမယ် မိုးရွာမယ် မထင်မိပါလို့
ပါလာသည့် ရှန်တဘက်လေး ခေါင်းပေါ်တင်မိရင်ပဲ
သည်းသည်းမည်းမည်း ရွာပြန်တော့
ခမျာလေး ကင်ပွန်းခြုံစွယ်
နဘေးမှာ ပြေးကာ ၀င်သွားရှာသည်"

ဆိုတဲ့ ဒီသီချင်းလေးပဲ နားထဲ စွဲနေတယ်။ ဒါနဲ့   မိုးအေးအေးနဲ့  အလုပ်တွေများတဲ့ထဲက အချိန်ခိုးပီး ကိုအံ့ကြီးရဲ့  ရွှေမင်းဂံ သီချင်းကို ရှာဖွေနားထောင်ရင်း deadline အလုပ်တွေခန ပစ်ထားပါတယ်။

ရှာဖွေထားတဲ့ လင့်ခ် ကလေးက ဒီမှာပါ။ ဒေါင်းလုပ်ပဲ လုပ်လုပ် ဒီတိုင်းပဲ နားထောင်နားထောင် ၂ခုလုံး အဆင်ပြေပါတယ်။

Shwe Min Gan by Ko Ant Gyi