Monday, September 30, 2013

When September Ends

ဖျတ်ခနဲ မျက်လုံးအပွင့်မှာ အကျင့်ပါနေတဲ့အတိုင်း နာရီကို ကြည့်မိတော့ နေ့ခင်း ၂ နာရီ။ တစ်ရေး အိပ်ပျော်သွားခဲ့တာပါလားလို့ တွေးမိရင်း ထူးထူးခြားခြားတိတ်ဆိတ်နေတဲ့ … ပါတ်ဝန်းကျင်ကို သတိထားမိသွားတယ်။ မီးစက်သံတွေလည်းတိတ် ….. လူသံတွေလည်း ဆိတ် … ဟိုးအဝေးက ငှက်ကလေး တစ်ကောင်အော်နေလေရဲ့ ….. အမယ် ဥသြ ဥသြ ဆိုပါလား။

တကယ်ဆို ဒီစက်တင်ဘာတစ်လလုံးဟာ အလုပ်ရှုပ်လွန်းလှချည်ရဲ့။ တစ်ခါသွားရင် တစ်ပါတ်နီးပါးကြာတဲ့ ခရီး (၃)ခုထွက်ဖို့ ကိုယ်တို့ရုံးက စီစဉ်ရတယ်။ ခရီးက ပြန်လာတော့လည်း ရီပို့တင်းအတွက် အချိန်ပေးရ … နောက်တစ်ခေါက် ပြန်ထွက်ရနဲ့ နောက်ဆုံးတစ်ခေါက်မှာတော့ အစီအစဉ် ပြောင်းသွားလို့ ကိုယ်မသွားရတော့ပါ။ ဒါပေမယ့် အရင်အခေါက်တွေ ပင်ပန်းထားတဲ့ဒဏ်တွေနဲ့ ရုံးက တခြားသူတွေဆီက ကူးတာနဲ့ ပေါင်းပြီး ဖျားပါတယ်။ ဖျားသော်လည်း ထူထူထောင်ထောင် နေနေနိုင်တဲ့ အခြေအနေမို့ ဆေးသောက်လိုက် …. တစ်ယောက်တည်း ငြီးငြူလိုက်နဲ့ပဲ အဖျားရက်ရှည်တွေ ဖြတ်သန်းရင်း ရုံးတက်မပျက်ခဲ့ရပြန်ဘူး။ ရုံးကလည်း မတက်မဖြစ် …. ရီပို့မျိုးစုံလည်း ပေးဖို့ ရှိသလို ပုံမှန်လုပ်နေကြ အလုပ်တွေအတွက် ဒတ်လိုင်းတွေကလည်း လွန်၊ ဒီကြားထဲ တချို့သောလူတွေရဲ့ ဆိုးဝါးတဲ့ အဇ္ဖုတ္တကို မြင်လိုက်ရပြန်တော့ စိတ်က ဒဏ်ရာတွေပဲ ထပ်တိုးပြန်။

ဒီလို ဒီလိုနဲ့ မခံနိုင်တဲ့အဆုံး ခွင့်နေ့တစ်ဝက်ယူရင်း အိမ်ပြန်အိပ်ပျော်သွားခဲ့တာ ….. ကိုယ်နိုးလာခဲ့တော့ …. စက်တင်ဘာလဟာ ကုန်ဆုံးသွားပါရောလား ….. လို့ အေးမြနေတဲ့ လေတွေ တိုးသက်တဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ငေးကြည့်ရင်း အလန့်တကြား သတိထားမိလိုက်ပါတယ်။

မြန်မာပြည်မြောက်ပိုင်းဟာ ကိုယ်ကြီးပြင်းခဲ့ရာ ရန်ကုန်မြို့ထက်တော့ ဆောင်းအ၀င်စောပါတယ်။ ခရီးတွေထွက်ရင်း အလုပ်တွေရှုပ်ရင်း အလုပ်ကကိုယ့်ကို ပြန်ခိုင်းနေတဲ့အခြေအနေကနေ ရုန်းမထွက်နိုင်ရင်း သတိမပြုမိလိုက်ခင်လေးမှာပဲ မိုးဟာ စက်တင်ဘာနဲ့အတူ နှုက်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ နေ့လည် နေ့ခင်း ၂ နာရီအချိန်မှာ လေနုအေး တိုးသက်အေးစိမ့် အထိအတွေ့မှာ ကိုယ်ရစ်မူး မူးမိုက်ရင်း မကြည်လင်တာတွေကို မေ့ပစ်လို့ ဒီတစ်ဆောင်းကိုဖြင့် စက်တင်ဘာကို နှုတ်ဆက်ရင်း ကြိုဆိုလိုက်ပါတယ်။