Wednesday, February 8, 2012

စိတ်ထဲ နှလုံးသားထဲကို ဖြတ်တဲ့အအေးလှိုင်းနဲ့ အရိပ်တွေရှည်တဲ့ညနေခင်းတွေ၊ နေတတ်ကြသူများနှင့် အတူတကွနေထိုင်ခြင်း သင်ခန်းစာ

အသက်က ၃၀ ထဲ ၀င်လာပြီ။ ဦးနှောက် စကောစကနဲ့ အခုထိ အနေထိုင်မတတ်တဲ့သူ အတွက် အတွင်းကြိတ်ရန်သူတွေပဲ တစ်နေ့တစ်ခြားပေါများလာတယ်။

ရက်တွေကို လစားတယ် … လတွေကို နှစ်စားလို့ တစ်နှစ်တာအချိန်အတွင်းမှာ ကိုယ့်ဘေးကသူတွေကို မိတ်ဆွေစစ် ဖြစ်အောင် မလုပ်နိုင်တဲ့အရည်အချင်းမှာ တစ်ခုခုတော့ တစ်နေရာရာမှာ လိုအပ်နေပြီ။ သေချာ စဉ်းစားရမှာက လိုအပ်နေတာ ဘယ်သူတွေဖက်မှာလဲ။

အသိဥာဏ်ဟာ အတွေ့အကြုံတွေဆီက လာတာလား။ ဒါဆို ရခဲ့သမျှအတွေ့အကြုံတွေအရ ဟန်ဆောင်တတ်တဲ့ ပညာတွေ တိုးတိုးလာတယ်။ သဘာဝနဲ့ မကိုက်ညီတော့ စိတ်ထဲက တူးတူးခါးခါး ငြင်းဆန်မိတဲ့အခါ အပြုအမူနဲ့ ခံစားချက်တွေ မကြာခန ခလုပ်တိုက်မိတော့တယ်။

ငါကပဲ မှားသလား ….. ငါကပဲ မှားသလား။ တခြားသူတွေရဲ့ စိတ်ခံစားချက်ကို လိုက် trace လိုက်မနေနဲ့။ ပြောခဲ့တဲ့ အကိုလဲ ပြန်မလာတော့မယ့် ခရီးဝေးကို ထွက်သွားနှင့်ပြီ။

အိမ်ပြန်ချင်တယ်။ စိတ်ထဲကနေ ထုတ်မပြောမိဘဲ သိမ်းထားမိတဲ့ စကား။ အိမ်ပြန်ချင်တယ် အမေ။ အယူအဆတွေ အတွေးအခေါ်တွေ မျှော်လင့်ချက်တွေ အိမ်မက်တွေ အားလုံးကို ဖွင့်အသွန်ချလို့ရတဲ့နေရာ …. ချစ်ခင်တဲ့သူတွေ ရှိတဲ့နေရာ….. ချစ်ခင်နွေးထွေးမှုကို မကွယ်ဝှက်တမ်း ပြတဲ့နေရာ …. နားလည်ပေးတဲ့သူတွေရှိတဲ့နေရာ ….. တစ်ယောက်ရဲ့အယူအဆကို တစ်ယောက်က မရှုံ့ချဘဲ လေးလေးစားစား ငြင်းခုံကြတဲ့နေရာ။

အဲဒီနေရာ … ငါ့ရဲ့အိမ်ဟာ ရန်ကုန်မြို့ဟုတ်ချင်လဲ ဟုတ်မယ် မဟုတ်ချင်လဲ မဟုတ်ဘူး။ အဲဒီနေရာဟာ သွေးသားတော်စပ်တဲ့ မိသားစုဝင်တွေ ရှိတဲ့နေရာလဲ ဟုတ်ချင်မှလဲ ဟုတ်လိမ့်မယ်။ ဒါပေမယ့် စိတ်ထဲရှိသမျှ ဖြူစင်ပွင့်လင်းလို့ရတဲ့နေရာ … အဲဒီနေရာကို ……

အဲဒီနေရာကို ပြန်ပို့ကြပါ။ လိုအပ်ချက်တွေ … လုပ်သင့်တာတွေ …. တာဝန်နဲ့ ၀တ္တရားတွေ ဒါတွေအားလုံးကို ငါ့ပုခုံးပေါ်က ပစ်ချလို့ နွေးထွေးတဲ့နေရာလေးကို ငါတစ်ခေါက်တော့ ပြန်ရောက်ချင်ပြီ။

အေးတိအေးစက် အသိဥာဏ်တွေနဲ့ အေးတိအေးစက်လူသားတွေ …. အဲဒီလူတွေနဲ့ ဝေးရာကို ခနလေးတော့ ပို့ပေးကြပါ။

ငါ့အတွင်းစိတ်က လှိုက်လှိုက်လှဲလှဲ တောင်းဆိုသမျှကို ငါကိုယ်တိုင်ကပဲ ရက်ရက်စက်စက် ပယ်ချခဲ့တယ်။ မုန်းလိုက်တာ … အဲဒီလောဘစိတ်တွေ …. အဲဒီ ကိုယ့်ကိုယ်ကိုယ် ပြန်ဘောင်ခတ်ထားတဲ့ စိတ်တွေ …. မီးလို လောင်မြိုက်နေတဲ့ လိုအင်ဆန္ဒတွေရဲ့ မောင်းနှင်ရာကို ဘယ်အထိများ ဆက်သွားရဦးမလဲ။

ဒီလိုနဲ့ပဲ တစ်နေကုန်လို့ တစ်မိုးချုပ်ခဲ့ပြီ။ ငါကတော့ အိမ်ပြန်မရောက်နိုင်ခဲ့သေးဘူးကွယ်။