နေ့လည်ခင်းဟာ
တိတ်တိတ်ဆိတ်ဆိတ် အေးအေးမြမြ။ စိတ်အနှောင့်အယှက်ပေးမယ့်သူတွေမရှိ၊ ပုံနေအောင်လုပ်ရမယ့်အလုပ်တွေမရှိနဲ့
2014 ရဲ့အစဟာ မင်္ဂလာရှိလွန်းတယ်။
အရင်အဖွဲ့အစည်းက
မိသားစုဆန်တယ်ဆိုရင် အခုအဖွဲ့အစည်းကတော့ အလုပ်သဘောပိုဆန်တယ်။ ရောက်စမှာ သိပ်မနေတတ်ပေမယ့်
ဆူညံရှုပ်ထွေးမှုတွေ ကင်းတဲ့နေရာမှာ တဖြည်းဖြည်းနေသားကျ ပျော်ဝင်လာပြီ။
ကိုယ့်အခန်းထဲက
အထက်လူကြီးမင်းက အရှေ့အလယ်ပိုင်းကလာတဲ့သူဆိုတော့ အအေးဒဏ်မခံနိုင်ဘူး။ ဒီတော့ ဒီလို
အေးတဲ့နေ့တွေမှာ လေအေးစက်ပိတ်ထားတာများတယ်။ သဘာဝလေကို ပိုကြိုက်တဲ့ကိုယ့်အတွက်တော့
အံကိုက်ဆိုပေမယ့် နော်ဒစ်တိုင်းပြည်တွေကလာတော်မူတဲ့ တခြား နှစ်ယောက်ကတော့ ရှိသမျှ တံခါးပေါက်တွေအကုန်ဖွင့်လေရဲ့။
အခုလိုအချိန်မှာ
ကော်ဖီပူပူလေးကိုသောက်လို့ ဆောင်းဦးလေ အေးအေးမြမြကို အရသာခံရင်း ကိုယ်ရေးချင်တဲ့စာလေးရေးဖို့
အချိန်ရနေလိမ့်မယ်လို့ အရင့်အရင် နေ့တွေလတွေတုန်းက ဘယ်ထင်မိလိမ့်မလည်းလေ။
ကိုယ့်ပုခုံးပေါ်ကတာဝန်၊
ကိုယ်မှမရှိရင်အဆင်မပြေနိုင်တဲ့မိသားစု၊ နောက်လှည့်ကြည့်ရင် ကိုယ်ချည်းအပြင်တခြားဘာမှ
အားကိုးစရာမရှိတဲ့ဘ၀မှာ ဟိုဟာမကောင်း ဒီဟာနဲ့ဆို အဆင်မပြေဘူးလေရယ်လို့ ငြင်းပယ်ခွင့်မရှိခဲ့ဘူး။
ပြီးခဲ့တဲ့နှစ်တွေမှာ
ကိုယ်ခေါင်းမာခဲ့တာဆိုလို့ ကိုယ့်ပညာရပ်နဲ့ လုံးလုံးမသက်ဆိုင်တဲ့အလုပ်တွေကို မလုပ်ခဲ့တာတစ်ခုပဲရှိခဲ့တယ်။
ကျတဲ့နေရာမှာ ပျော်သလိုနေရင်းနှစ်တွေကုန်ဆုံးသွားခဲ့လိုက်တာ ခေါင်းပေါ်က ဆံပင်ဖြူတစ်မျှင်နှစ်မျှင်နဲ့
မျက်လုံးထောင့်က အတွန့်အရစ်လေးတွေ တွေ့မှ ဖြတ်သန်းခဲ့ရတဲ့ မှောင်မည်းမည်းညတာ ဘယ်လောက်တောင်ရှည်ခဲ့မှန်း
သတိထားမိတယ်။
တကူးတကကြိုးစားနေခဲ့တာ
မဟုတ်ပေမယ့် လမ်းခုလတ်မှာ စိတ်ဓါတ်တွေပြိုလဲကျမသွားအောင် အနိုင်နိုင်ကျားကန်ရင်း အခုတော့
ကိုယ့်အလုပ်စားပွဲမှာ ဆောင်းဦးလေ အေးမြမြနဲ့ နေ့ခင်းနေခြည် ၀င်းပပကို ခံစားလို့ရနေပါပကော။