လူတွေနဲ့ အဆင်မပြေဘူးဆိုတော့
ဘယ်သူတွေနဲ့ပဲ အဆင်ပြေတုန်းလို့ မေးချင်စရာပဲ။
ကိုယ်ချစ်ခင် ရင်းနှီးတဲ့သူတွေနဲ့
ဝေးနေရတဲ့ခဏမှာ သစ်ပင်စိမ်းစိမ်းလေးတွေ …. ပန်းပွင့်လှလှလေးတွေ …. ချစ်စရာ တိရစ္ဆာန်လေးတွေနဲ့ပဲ
အချိန်ကုန်ရရင် ကောင်းသား။
အိမ်ကို ၆လ တစ်ခါလောက်ပဲ
ပြန်ဖြစ်တဲ့အခြေအနေမှာ အများဆုံးစကားပြောဖြစ်တာ မေးစရာမလို ရုံးကလူတွေပဲ ဖြစ်နေခဲ့။
တစ်နေ့လုံးအလုပ်လုပ်လည်း ဒီလူတွေ …. ညနေအိမ်ပြန်လည်း ဒီလူတွေ …. ကိုယ်ဝမ်းသာလည်း ဒီလူတွေ
… ကိုယ်ဝမ်းနည်းလည်း ဒီလူတွေပဲ ဖြစ်ခဲ့။
ဖြစ်လာတဲ့အခြေအနေမှာ အဆင်ပြေရာအဖော်ပြုနေရင်း
ကိုယ်ရခဲ့တာ မဆုံးနိုင်တော့မယ့် သင်ခန်းစာတွေပေါ့။
လွတ်မြောက်တော့မှာပဲ ဆိုပါမှ
ဆက်သည်းမခံချင်တော့တာ လူ့စိတ်များလား။
ကိုယ့်ဖက်က ရိုးသားရင်းနှီးပွင့်လင်းမှုကို
ပြန်ပြန်ရခဲ့တာ အတွင်းကြိတ်ယှဉ်ပြိုင်မှုတွေနဲ့ အဆီအငေါ်မတည့်လှတဲ့ မိတ်ဆွေလိုလို ဆက်ဆံရေးတွေပဲ
ဖြစ်နေခဲ့ပါလား။
အမှန်တော့လေ … ကိုယ့်မှာ
တကယ်ခင်မင်စရာကောင်းတဲ့သူတွေ ကိုယ်ပွင့်လင်းသမျှ တန်ဖိုးထားတဲ့သူတွေ ရှိနေပြီးသားပါ။
အသက်ကြီးလာတိုင်း နောက်ထပ်ပြီး
တွေ့လာတဲ့လူတိုင်း ကိုယ့်သူငယ်ချင်းဖြစ်လာလိမ့်မယ်လို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ (ဒါ နောက်ဆုံးရတဲ့
သင်ခန်းစာပါ)
ကိုယ်ကျရှုံးဝမ်းနည်းတဲ့အချိန်မှာ
အလွယ်တကူ စုတ်သပ် သနားပေးတတ်တဲ့ သူတွေဟာ ကိုယ်အဆင်ပြေ လာတော့မယ်ဆိုတော့ ၀မ်းသာပေးဖို့
သိပ်ခက်ခဲကြပါလား။
အဆိုးမြင်ပြီး ဂဂျီဂဂျောင်ကြ
အယူသည်းတဲ့သူတွေရှိနေမယ့် အလုပ်ပါတ်ဝန်းကျင်ဆိုတာ နောက်လည်း ရှောင်လွှဲလို့မရမယ့်အတူတူ
အဲ့လိုလူမျိုးတွေကို တွေ့တာနဲ့ သတိထားမိဖို့ တတ်နိုင်သမျှ ကင်းကင်းနေနိုင်မယ့် နည်းပရိယါယ်တွေသိလာနိုင်တာကပဲ
အရှုံးတွေထဲက အမြတ်လို့ သဘောထားပါတယ်။
ကိုယ်အခုဆို အမြဲပြုံးနေပါတယ်။
အမြဲပြုံးနေဖြစ်အောင်လည်း သတိထားပါတယ်။ ကိုယ့်ဘေးကလူတွေကတော့ ကိုယ်ဝမ်းနည်းနေရတုန်းက
သိပ်မထူးခြားပေမယ့် ကိုယ်အခုပြုံးနေတာမြင်ရတော့ သိပ်စိတ်ချမ်းသာကြပုံမပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ်
ကိုယ်ကတော့ ပြုံးပြုံးလေးနေရတာပဲ သဘောကျပါတယ် :)