Tuesday, April 23, 2013

With my new toy

ဖုန်းအသစ်ကလေးရတာနဲ့  မျက်စိနောက်အောင် ဓါတ်ပုံရိုက်ပီး တင်ပါတော့မယ်။ ရုံးကလူတွေလဲ မျက်စိတွေနောက်နေလောက်ပြီ။

ဝါသနာကို မတားနဲ့  တော့ရှင် ...... :P


Monday, April 22, 2013

အိုင်ဖုန်းဖိုက်


အခု အရမ်းပျော်နေပါတယ်။ ကိုယ်နေ့နေ့ညည ရောက်လာဖို့ စောင့်နေရတဲ့ ဖုန်းလေး ရောက်လာပြီ။
အရင်ရက်တွေဆို Monday ရောက်မှာ သိပ်မလိုလားပေမယ့် ဒီတခါတော့ တင်္နလာနေ့ကို ကြိုဆိုနေမိတယ်။ ဒီအထဲ ပစ္စည်းသယ်လာပေးမယ့် ဦးလေးက ရထားနဲ့ လာမှာဆိုတော့ သူမလာမချင်း စိတ်မချနိုင်ဘူး။ အော် လူ့စိတ် လူ့စိတ် … တစ်ရုံးထဲ အလုပ်အတူလုပ်တဲ့ ဦးလေး လမ်းခရီးမှာ အန္တရာယ်ကင်းဖို့ ဆုမတောင်းဘဲ သူယူလာမယ့် ကိုယ့်အတွက်ဖုန်းလေး တစ်ခုခုဖြစ်သွားမှာ စိတ်ပူနေတယ်။
ဟောဒီမှာ ရောက်လာပါပြီ အိုင်ဖုန်းဖိုက်



တခြားသူတွေ အတွက် သိပ်မထူးဆန်းလှပေမယ့် ကိုယ်ကတော့ သိပ်ပျော်တယ် :D
ဟောဒါက phone case လေးတွေ .. လှတယ်နော်
  



ဖုန်းမရောက်ခင် ကိုယ့်ဆီ phone case လေးတွေ ကြိုရောက်နေတာ :D … ၃ ခုလုံးကြိုက်တယ် … ဒါပေမယ့် လောလောဆယ် လွတ်ပြုကျမှာစိုးလို့ အဖုံးပါပါတဲ့ လိမ္မော်ရောင်လေးပဲ အရင်သုံးနှင့်မယ်စိတ်ကူးတယ်
ကိုယ့်အတွက်တော့ ဒီဖုန်းလေးက ပထမဆုံးကိုင်ဖူးမယ့် branded smart phone ပဲ။ တချို့အတွက် လွယ်ချင်လွယ်ပေမယ့် ကိုယ့်အတွက်တော့ ခက်ခဲတယ်။ အခုတောင်အချစ်နဲ့ အချစ်ညီမလေးကျေးဇူးကြောင့်။
ကိုယ့်ရဲ့ လက်ရှိ HUAWEI လေးကိုတော့ အားနာပါတယ်လေ။

Sunday, April 21, 2013

Word make me motivate

iPhone 5 !!!!!!

ဒီညနေ လူကြုံနဲ့  အချစ် ရန်ကုန်ကနေ ပို့ပေးလို့ ပါလာမှာကို စိတ်လှုပ်ရှားစွာနဲ့  စောင့်နေပါတယ်။
I am waiting .... I am waiting. 

Friday, April 19, 2013

At da office ... boring !!!!!

သင်္ကြန် အရှိန်မကုန်သေးလို့  ထင်တယ် .... ရုံးတက်ရတာ mood မရှိဘူး။ ကိုယ်တွေလို ရုံးက လွဲလို့  ကျန်တဲ့ ရုံးတွေက တင်္နလာနေ့မှ ပြန်ဖွင့်ကြမှာဆိုတော့ အရာရာ ဟာ တိတ်တိတ်ဆိတ်ဆိတ်။ နဂိုကမှ လူနည်းရတဲ့အထဲ ခွင့်ယူသွားတဲ့သူတွေနဲ့  ဆိုတော့ ရုံးမှာ သရဲ ခြောက်မတတ်ပဲ။

ဒီဘလော့ကို ပါဆင်နယ်ဘလော့အနေနဲ့  ရေးမှာဆိုတော့ ဓါတ်ပုံတွေလဲ တင်ကြည့်ဖို့  စိတ်ကူးတယ် :D။

ဒါကတော့ ပျင်းပျင်းနဲ့  ရုံးမှာရိုက်ထားတဲ့ထဲက တစ်ပုံ။


အားလုံးပဲ မကြာခင် ရောက်လာတော့မယ် weekend မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့   မငြီးမငြူ ရှော့ပင်းထွက်၊မုန့်စား၊ လျှောက်လည်၊ အိမ်မှာအိပ်၊ စာဖတ်၊ ရုပ်ရှင်ကြည့်တဲ့ အလုပ်တွေ လုပ်နိုင်ကြပါစေ။

Wednesday, April 17, 2013

My 30+ problems No.1

အသက် ၃၀ ကျော်လာတော့ ခန္ဓာကိုယ်မှာ မျက်နှာမှာ ပြဿနာတွေ များများလာတယ်။ အဲဒါတွေထဲ စိတ်ဒုက္ခ အပေးဆုံးနဲ့  အလျင်မြန်ဆုံး ဖြေရှင်းရမယ့်ဟာက ဗိုက်ခေါက်ထူ ဗိုက်ပူလာတာ။
အဟဲ အမှန်တော့ ၃၀ ကျော်လာတာကို အကြောင်းပြချက်တစ်ခုအနေနဲ့   ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပါ။ တကယ်တော့ ဒီဗိုက်က ပူလာတာ ၂၇ ၂၈ လောက်ကတည်းက။ ပူဆို လေ့ကျင့်ခန်းလဲ မလုပ်၊ လှုပ်ရှားမှုလဲ မရှိ၊ တနေကုန် တနေခန်း ကွန်ပြူတာ ရှေ့  ပဲ ထိုင်ထိုင်နေရတော့ ဗိုက်ပူ မျက်စိမှုန်လာတာ ဆန်းတော့ မဆန်းပါဘူး။ အခုအလုပ်အသစ်က ကွန်ပြူတာ ရှေ့  သိပ်မထိုင်ရသော်ငြား ဗိုက်ကတော့ ပြန်ချပ်ဝင်မသွားပါဘူး။
အချစ်ကလဲ ကျန်တာတွေ သူသည်းခံတယ်၊ ဗိုက်ကလေးတော့ မပူပါစေနဲ့  ဆိုတော့ ကိုယ့်မှာ တနေ့  တနေ့  မျက်ခုံးခပ်လှုပ်လှုပ်ရယ်။
ကဲ အခုတော့ ပရော်ပလန် နံပါတ်ဝမ်းကို ဖြေရှင်းတဲ့ အနေနဲ့  နှစ်သစ်က စလို့   လေ့ကျင့်ခန်း ၂ခု မှန်မှန်လုပ်မယ်စိတ်ကူးတယ်။
တစ်ခုက ခါးလှည့်တာ၊ နောက်တစ်ခု အိပ်ထမတင်လုပ်တာ။ ၃ လတိတိ နေ့  စဉ်မပြတ်လုပ်မယ်လို့  သံဓိဌာန်ချထားတယ်။ ပထမ ၁ လမှာ ခါးလှည့်တာ အခါ ၃၀၊ အိပ်ထမတင် ၁၅ ခါလို့   သတ်မှတ်လိုက်တယ်။ သိပ်များ များသွားမလား မသိ :D ... တစ်လ ပြည့်ရင် လာပီး update လုပ်ဖို့  လဲ စိတ်ကူးထားတယ် :P
ဒါမှ မပျင်းရဲတော့ဘဲ လုပ်ဖြစ်မှာ။

ဗုတ်ကြမယ်ဟေ့ ကောင်းကောင်း

ဒီမနက်မှ ဗုတ်ပါသည်။ မီးက ညက ၉ နာရီလာသည်။ မီးလာတုန်းရေတင် ဘာညာ လုပ်ရင်း ဘလော့ ကလိရင်း အိပ်ပျော်သည်။ ဖေ့ဘွတ် မကြည့်ဖြစ်။ မနက်စာစားပြီး ဖေ့ဘွတ်ဝင်ကြည့်ရာ ... ဟိုက် ဗုတ်ဖို့ အတော်နောက်ကျနေပါ့လားဟု သိရင်း အားကြိုးမာန်တက် ဗုတ်သည်။ အခုတော့ ၄၀ - ၆၀ ဖြစ်နေသည်။ ဆက်ပီး ဗုတ်လို့ ရသလောက် ဗုတ်မည်ဟု ကြုံးဝါးသည်။ ပြောသာပြောရသည် အားက နည်းချင်သည်။ မြန်မာပြည်၏ တယ်လီဖုန်းကတဆင့်ရသော အင်တာနက်ကွန်နက်ရှင်သည် တခါဗုတ်ဖို့ ကို ၅ မိနစ်လောက်စောင့်ရသည်။ ဘာမျှ မတတ်နိုင် ... သည်းခံ၍သာ ဗုတ်ရသည်။ အ၀တ်တွေလျှော်ရင် ရေစိမ်ထားသည်။ ဒီပုံဆို ဒီအ၀တ်များ ညနေစောင်းမှ ပင် ရေညှစ်လှမ်းနိုင်တော့မည်။

Tuesday, April 16, 2013

နှစ်သစ်ဆုတောင်း


ပိတောက်တို့ ဝေ၍ ကြွေခဲ့ပြီ။ ညှင်းသက်သော လေပြည်၊ အုံ့မှိုင်းသော မိုးကောင်းကင်နှင့် ညနေရီတွင် ရေကစားသူတို့ အိမ်ပြန်ချိန်တိုင်ခဲ့လေပြီ။ အရာရာ သစ်လွင်လတ်ဆတ်သော စိတ်နှလုံးဖြင့် အသစ်သောနှစ်ကို ကြိုဆိုရန် အသင့်ပြင်ဆင်မိပါသည်။
ယနေ့ညနေ ပဇ္ဇင်းတက်မည့် ဦးပဇ္ဇင်းလောင်းလျာကား ဘုန်းကြီးကျောင်းသို့ ရောက်ပြီ … မကြာခင် ဖုန်းဆက်ရန် မသင့်လျော်တော့၍ အဆက်အသွယ် မရမည့်ရက်များတွင် စိတ်ချပါရစေဟု အမှာပါး၏။ ချစ်ရသူ အမှာစကား စိတ်ချသာသွားပါဟု ဖုန်းထဲမှပင် ကတိပေးလိုက်ရပါ၏။ တောင်တစ်ယောက် မြောက်တစ်ယောက်ဘ၀တွေမို့ ဒီလိုသာ ဆက်သွယ်နိုင်တော့သည်။
ဦးပဇ္ဇင်းလောင်းလျာကို အိမ်မှ အတော်တန်ဝေးသော ကျောင်းသို့လိုက်ပို့၍ ကိစ္စပြီးသည်အထိ စောင့်မည့်သူကား ယခင်အလုပ်မှသိ၍ ယခုတိုင် ချစ်ခင်မြဲဖြစ်သော၊ မခွဲအတူတူ တပူးတတွဲတွဲဖြစ်သော၊ ဘရားသား ဟုသာ ချစ်စနိုးခေါ်သော အကိုကြီးဖြစ်ပါသည်။ ဘရားသားကား အင်းစိန်တွင်မွေး၍ ကြီးသော ကရင်ကြီးဖြစ်သည့်အားလျော်စွာ ခရစ်ယာန်ဧကန်ဖြစ်လေသည်။ တနင်္လာမှ စနေအထိ နေ့များတွင် ဘီယာဆိုင် တူတူထိုင်သော ဘရားသားသည် တနင်္ဂနွေတွင် မိန်းမတစ်ဖက်၊ သမီးလေးတစ်ဖက် လက်ဆွဲ၍ ဘုရားကျောင်းသွားသည်မှာ အမြဲပင်။
နိုင်ငံရေးရေချိန် မြင့်သည်ဟု ဟိုတလောက မည်သူမှတ်ချက်ချသည်မသိ ချသွားသည့် ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာကြီးသည့် ကိုယ်တွေအဖို့ နိုင်ငံရေးတော့ကိုယ်မသိ၊ မတူပေါင်းစည်းနေထိုင်ရေး ရေချိန်တော့ အတော်မြင့်သည်ကို သတိထားမိပါသည်။ အထက်တန်းပြီး၍ တက္ကသိုလ်ရောက်သည့်အခါ ကိုယ့်ဘေးတွင် ထိုင်သော မိန်းကလေး က ခရစ်ယာန်ဖြစ်ကာ ကိုယ့်အနောက်က ၂ ယောက်က တော့ အစ္စလာမ်ဘာသာဝင်များ ဖြစ်လေသည်။ ဆယ်တန်းအောင်သည်မှ ယခုအချိန်ထိ ပေါင်းသင်းသော သူငယ်ချင်း လက်ချိုးရေရသောအထဲမှာ အချစ်ရဆုံး သူငယ်ချင်းတစ်ယောက်မှာ ရိုမန်ကတ်သလစ် ဘာသာဝင်ဖြစ်၍ နောက်တစ်ယောက်မှာ အဖေ ဗုဒ္ဓဘာသာနှင့် အမေက ခရစ်ယာန်ဖြစ်လေသည်။ တခါ ထိုသူငယ်ချင်းအိမ်သို့ သွားအလည် အနောက်တွင် ဦးပဇ္ဇင်းတစ်ပါး ဆင်းလာသည်ကို ကိုယ်ကမမြင်၊ သူက မြင်ကာ ကိုယ့်ကို လမ်းဖယ်ပေးခိုင်းဖူးလေသည်။ ဗိုလ်တစ်ထောင်ဘုရားသို့ သူငယ်ချင်းအုပ်စုလိုက်ဘုရားဖူးသွားလျင် သူပါမြဲဖြစ်၍ သူသွားရာ ဘုရားကျောင်းဝင်းထဲတွင် သူ့ကို ကိုယ်တို့စောင့်နေကြလည်းဖြစ်သည်။ တက္ကသိုလ်ရောက်သည့်အခါလည်း မိန်းကလေးများနားနေခန်းတွင် အခါအားလျော်စွာ ဘူခါး ဟုခေါ်မလား ခေါင်းမြီးခြုံ၍ကျောင်းတက်သော သူငယ်မလေးများ သူတို့ဘာသာအလျောက် ဘုရားဝတ်ပြုသည်ကိုလဲ ကြုံဖူးပေါင်းများလှပေပြီ။
ထိုထိုသော သူငယ်ချင်းများ၊ ကျောင်းနေဖက်များနှင့်ကိုယ်တို့သည် တစ်ယောက်ကိုတစ်ယောက် သြော်သူဟာ တခြားဘာသာဝင်တစ်ယောက်ပါလားရယ်လို့ ခွဲခြားမြင်မိခြင်း အလွန်နည်းကြောင်း အခွင့်သင့်၍ ပြောလိုပါသည်။ ကျောင်းပြီး၍ အလုပ်ထဲ ၀င်စတွင် သူတို့ဘာသာဝင်ရောင်းချသောဆိုင်မှလွဲ၍ ကျန်တာမစားသော၊ ကိုယ်တို့နှင့်အတူတူ လိုက်ထိုင်လျင် ကိုယ်တို့ဆီက ရေပင်မသောက်သော လုပ်ဖော်ကိုင်ဖက် မိန်းကလေးတစ်ယောက်လဲ ရှိဖူးသည်။ သူသည် ခေါင်းမြီးမခြုံဘဲ ကိုယ်တွေလိုသာ ၀တ်ဆင်သော်လည်း သူ့ယုံကြည်ချက်နှင့်သူ။ သို့သော် ကိုယ်တွေ သွားရာနောက်လည်း မလိုက်ဘဲ မနေနိုင်သည်မို့ သူ့ရေဘူးနှင့် မုန့်ဘူးကိုကိုင်ကာ အနောက်က လိုက်ရှာသည်။ ကိုယ်တွေက ကြိုက်ရာဆိုင်ထိုင် စားသောက်နေစဉ် သူက သူ့ရိက္ခာနှင့်သူ … တခါတလေ သူ့ကိုပါ တကူးတက စားစေချင်သော မိတ်ဆုံစားပွဲလို လုပ်ရင် ပန်းသေးဆိုင် တစ်ဆိုင်ဆိုင်သို့ သွားကြသည်။ ဒီလိုနဲ့ပဲ အဆင်ပြေပြေနေလာကြသည်မှာ အဲဒီအလုပ်က ထွက်လာစဉ်အချိန်အထိပင်။
အယူဝါဒမှိုင်းအမျိုးမျိုးတွင် လူမျိုးရေးနှင့်ဘာသာရေး ကို ခုတုံးလုပ်၍ ကိုယ်လိုချင်ရာ အမြတ်ထုတ်ရန် ကြိုးစားကြသည်များကို အသက်ကြီး၍ ရန်ကုန်မှခွာကာ မြန်မာပြည်အနှံ့ ခြေဆန့်ကြည့်တော့ အံ့သြစွာ တွေ့ရသည်။ ၀ါဒမှိုင်းကား အချို့သော ဦးနှောက်တို့ကို ၀ါးမျိုကုန်လေပြီ။ ဒေသစွဲနှင့် ပြောသည်ပဲဆိုဆို  ကိုယ်ကတော့ ရန်ကုန်ကိုသာ သတိရပါသည်။ လူအချင်းအချင်းခွဲခြားခြင်းကင်း၍ ပွင့်လင်းစွာ လူ့ဘောင်လူက အကျိုးကို ပိုမိုသယ်ပိုးနိုင်ကြပါစေဟု ဆုတောင်းရင်း ခေတ္တကွန်းခိုရာ မြန်မာပြည်မြောက်ပိုင်း တနင်္ဂနွေနေ့တိုင်း ဆိုင်တွေပိတ်သော နေရာတစ်ခုမှနေ၍ ရန်ကုန်ကိုသာ နင့်နေအောင် လွမ်းရပါတော့သည်။

Monday, April 15, 2013

ဟောလီးဒေး



ခြံထဲရှိ သရက်သီးလေးများ စိမ်းနေလေပြီ။ မကြာခင် မှည့်တော့မည်။ ရေတွင်းနားက ပန်းပင်လေးများကား  တစ်ခြံလုံးတွင် အလှဆုံးဖြစ်တော့သည်။ ခရမ်းအနုအရင့်၊ ပန်းနုသွေးမှာ အဖြူလေးတွေပါ ရောသေးသည်။ အိမ်ရှေ့ရှိ ဓညင်းပင်၊ အိမ်ဘေးရှိ အမျိုးအမည်မသိ အပင်တို့ပေါ်က ငှက်ကလေးတွေ စိုးစီ စိုးစီ အော်သံ ကြားရသည်။ အရာအားလုံးသည် တိတ်တိတ်ဆိတ်ဆိတ်၊ လေပြည်သည် ညင်ညင်သာသာ။ အရင် ရက်တွေတုန်းကတော့ ထိုအရာများကို ခံစား၍ ယခုကဲ့သို့ ၀ရံတာတွင် ဆီရွှဲရွှဲ ပုဇွန်ခြောက်နိုင်းချင်း လက်ဖက်သုပ် တစ်ပန်းကန် နှင့် စိတ်အေးလက်အေးထိုင်နေနိုင်မည့် အခွင့်အရေးမရှိ။ အလုပ်နှင့် တာဝန်ဆိုသော တစ္ဆေကား တစ်ပါတ် ၅ ရက်၊ မနက် ၈နာရီခွဲမှာ ညနေ ၅ နာရီခွဲ အထိခြောက်ရုံသာမက စနေ တင်္နနွေတွင်ပါ ကပ်ငြိပါလာတတ်သေးသည်။ အခုတော့ ခေတ္တခန လွတ်ကျွတ်ပေပြီ။ ဘာကိုမှ မစဉ်းစားချင်၊ ဘာကိုမှ မတွေးချင်။ စိတ်ပူပန်စရာတွေ ဟိုးအဝေးကို ခနပို့ထားလိုက်မည်။ ဖတ်ချင်သော စာအုပ်လေးတွေ ရွေးဖတ်လို့ရသည်။ ကိုယ်လုပ်ချင်တာလေးတွေ ရွေးလုပ်လို့ရသည်။ ၀ါသနာပါသော ဒီဇိုင်းနှင့် ပက်သက်တာတွေ ဖတ်သည်။ ဒီလို စိတ်လေးလက်အေး အချိန်လေးတွေမှာမှ မှတ်ဥာဏ်က ကြည်လင်သည်။ နေရောင်ချိုချိုတွင် စိတ်ကူးချိုချိုများပျံ့လွင့်နေမည့် ညနေ။ ညကျရင်ရော ……. ကြယ်ရောင်စုံ အိမ်မက်များ မက်ချင်ပါသေးသည်။