ဘေဘီ … တို့တွေစတွေ့ကြတုန်းက ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ စကပ်တိုတိုနဲ့ ကောင်မလေးဟာ အခုလို ခပ်မှိုင်းမှိုင်း အန်တီပေါက်စန ဖြစ်လာလိမ့်မယ်လို့ မင်း ဘယ်တွေးမိလိမ့်မလဲ ဘေဘီ။
အဲဒီနေ့က အ၀ါရောင်အင်္ကျီ ၀တ်ထားလား မမှတ်မိတော့ဘူး ဘေဘီ။
ဒါပေမယ့် တိမ်တွေလင်းတယ် …. သီချင်းတွေ လင်းတယ် …. ရင်ခုန်သံတွေ လင်းခဲ့တယ် ဘေဘီ။
အလင်းရဲ့ အနီးစပ်ဆုံးအရောင်ဟာ အ၀ါရောင်ဖြစ်တယ်လို့ ကိုယ့်ဖာသာ ကောက်ချက်ချတယ် ဘေဘီ။ ဒါမို့ တိမ်တွေဟာလဲ အ၀ါရောင် …. ညနေဟာလဲ အ၀ါရောင် …. ကိုယ့်အိမ်အောက်ကို ရှက်ကိုးရှက်ကန်းနဲ့ ရောက်လာတဲ့ ကောင်ကလေး တစ်ယောက်ရဲ့ ဂျင်းဂျတ်ကတ်ဟာလဲ အ၀ါရောင်။ ကိုယ်တို့ အတူတူသောက်ခဲ့တဲ့ အအေးခွက်တွေဟာ အ၀ါရောင်။ မင်းဆိုပြခဲ့တဲ့ သီချင်းဟာ အ၀ါရောင်။ မင်းမျက်လုံးရဲ့ အကြည့်ဟာ အ၀ါရောင်။
အချိန် နဲ့ နေရာ အလှမ်းကွာဝေးမှုမှာ ကိုယ့်အလင်းတွေ ညို့ ခဲ့ပြီလား ဘေဘီ။
ဆရာ မောင်ကိုကိုကတော့ ဒီလိုရေးတယ် ……….
“ အတွေးအခေါ်ဟောင်းများသည် လေညင်းကလေးကိုဖြစ်စေ၊
ကျွန်တော့်ကိုဖြစ်စေ၊ ချစ်သူကိုဖြစ်စေ မျှော်လင့်ချက်အသစ်ရှိရာသို့
လမ်းညွှန်နိုင်လိမ့်မည် မဟုတ်ပါ။
…………………………….
…………………………….
လင်းသည့် ပန်းချီကားကို ကြည့်မည်။
လင်းသည့် သီချင်းကို နားထောင်မည်။
လင်းသည့် ကဗျာကို ဖတ်မည်။”
ကိုယ့်နှလုံးသားလင်းဖို့ ကိုယ်အမြဲကြိုးစားနေပါတယ် ဘေဘီ။
မင်းဝတ်ဖို့လည်း အ၀ါရောင်အင်္ကျီတစ်ထည် ပါဆယ်နဲ့ ပို့လိုက်ပါတယ်။ ၀တ်မ၀တ်ကတော့ မင်းသဘောပါ။ ဒီစာကို ဖတ်မိရင် မင်းမှာ အ၀ါရောင်အင်္ကျီတစ်ထည် ရှိနှင့်ဖို့တော့ လိုတယ်မို့လား။