Friday, January 3, 2014

ဆောင်းဦးလေ

နေ့လည်ခင်းဟာ တိတ်တိတ်ဆိတ်ဆိတ် အေးအေးမြမြ။ စိတ်အနှောင့်အယှက်ပေးမယ့်သူတွေမရှိ၊ ပုံနေအောင်လုပ်ရမယ့်အလုပ်တွေမရှိနဲ့ 2014 ရဲ့အစဟာ မင်္ဂလာရှိလွန်းတယ်။

အရင်အဖွဲ့အစည်းက မိသားစုဆန်တယ်ဆိုရင် အခုအဖွဲ့အစည်းကတော့ အလုပ်သဘောပိုဆန်တယ်။ ရောက်စမှာ သိပ်မနေတတ်ပေမယ့် ဆူညံရှုပ်ထွေးမှုတွေ ကင်းတဲ့နေရာမှာ တဖြည်းဖြည်းနေသားကျ ပျော်ဝင်လာပြီ။

ကိုယ့်အခန်းထဲက အထက်လူကြီးမင်းက အရှေ့အလယ်ပိုင်းကလာတဲ့သူဆိုတော့ အအေးဒဏ်မခံနိုင်ဘူး။ ဒီတော့ ဒီလို အေးတဲ့နေ့တွေမှာ လေအေးစက်ပိတ်ထားတာများတယ်။ သဘာဝလေကို ပိုကြိုက်တဲ့ကိုယ့်အတွက်တော့ အံကိုက်ဆိုပေမယ့် နော်ဒစ်တိုင်းပြည်တွေကလာတော်မူတဲ့ တခြား နှစ်ယောက်ကတော့ ရှိသမျှ တံခါးပေါက်တွေအကုန်ဖွင့်လေရဲ့။ 

အခုလိုအချိန်မှာ ကော်ဖီပူပူလေးကိုသောက်လို့ ဆောင်းဦးလေ အေးအေးမြမြကို အရသာခံရင်း ကိုယ်ရေးချင်တဲ့စာလေးရေးဖို့ အချိန်ရနေလိမ့်မယ်လို့ အရင့်အရင် နေ့တွေလတွေတုန်းက ဘယ်ထင်မိလိမ့်မလည်းလေ။

ကိုယ့်ပုခုံးပေါ်ကတာဝန်၊ ကိုယ်မှမရှိရင်အဆင်မပြေနိုင်တဲ့မိသားစု၊ နောက်လှည့်ကြည့်ရင် ကိုယ်ချည်းအပြင်တခြားဘာမှ အားကိုးစရာမရှိတဲ့ဘ၀မှာ ဟိုဟာမကောင်း ဒီဟာနဲ့ဆို အဆင်မပြေဘူးလေရယ်လို့ ငြင်းပယ်ခွင့်မရှိခဲ့ဘူး။

ပြီးခဲ့တဲ့နှစ်တွေမှာ ကိုယ်ခေါင်းမာခဲ့တာဆိုလို့ ကိုယ့်ပညာရပ်နဲ့ လုံးလုံးမသက်ဆိုင်တဲ့အလုပ်တွေကို မလုပ်ခဲ့တာတစ်ခုပဲရှိခဲ့တယ်။ ကျတဲ့နေရာမှာ ပျော်သလိုနေရင်းနှစ်တွေကုန်ဆုံးသွားခဲ့လိုက်တာ ခေါင်းပေါ်က ဆံပင်ဖြူတစ်မျှင်နှစ်မျှင်နဲ့ မျက်လုံးထောင့်က အတွန့်အရစ်လေးတွေ တွေ့မှ ဖြတ်သန်းခဲ့ရတဲ့ မှောင်မည်းမည်းညတာ ဘယ်လောက်တောင်ရှည်ခဲ့မှန်း သတိထားမိတယ်။

တကူးတကကြိုးစားနေခဲ့တာ မဟုတ်ပေမယ့် လမ်းခုလတ်မှာ စိတ်ဓါတ်တွေပြိုလဲကျမသွားအောင် အနိုင်နိုင်ကျားကန်ရင်း အခုတော့ ကိုယ့်အလုပ်စားပွဲမှာ ဆောင်းဦးလေ အေးမြမြနဲ့ နေ့ခင်းနေခြည် ၀င်းပပကို ခံစားလို့ရနေပါပကော။

Wednesday, December 18, 2013

New Year’s resolution

တကယ်ဆို ဒီအချိန် မြန်မာနဲ့ ထိုင်းပွဲကြည့်နေရမှာ။ ကိုယ်တွေက အိမ်မရှိ ယာမရှိဆိုတော့ တီဗွီလည်း မရှိဘူးရယ်။ တစ်မြို့တစ်ရွာမှာ လက်ဘက်ရည်ဆိုင်လိုနေရာ သွားထိုင်ကြည့်လို့လည်း မကောင်းဆိုတော့ FB က status လေးတွေ update တက်လာတာလေးပဲ စောင့်ကြည့်နေရတယ်။ အင်တာနက်ကလည်း တုံ့နှေးနှေးဆိုတော့ စောင့်ကြည့်နေတုန်းပဲ ၂၀၁၄ အတွက် ကိုယ့်ကိုယ်ကိုယ် ဘ၀င်မကျ ဖြစ်နေတာလေးတွေ ရေးကြည့်မယ်လို့ စိတ်ကူးရတယ်။

ပထမဆုံးဘ၀င်မကျတာတော့ ပိုက်ဆံသုံးတာပဲ။ ငွေကို စည်းနဲ့ကမ်းနဲ့ ကို သိပ်မသုံးတတ်သေးဘူးလို့ ထင်တယ်။တစ်လ တစ်လ ဘယ်လောက်သုံးမယ်လို့လည်း သေချာ မသတ်မှတ်ဘူး။ လခရ အိမ်ကိုပေးပြီးရင် မကုန်မချင်းကို သုံးနေသလိုခံစားရတယ်။ အမှန်တော့ အိမ်ကိုပေးပြီးရင် သိပ်အများကြီး မပိုပေမယ့် စစ်စစ်စီစီလေး လုပ်နိုင်ရင် အပိုထွက်လာနိုင်ပါရဲ့။ အခုက ဒီလိုပဲ သုံးလိုက်တာက ဘာမှလည်း မရ ဘာမှလည်းအကျိုးမထူးဘဲ ကုန်ကုန်သွားတာ ဆိုတော့ ဒီအကျင့်ကို အခုလကုန် လခရကတည်းက ပထမ ဦးစားပေး စပြင်ရတော့မယ်။

ဒုတိယမကြိုက်တာကတော့ Shopping (eeek ဒါ အချစ်မဖတ်မိပါစေနဲ့)။ လက်ထဲပိုက်ဆံရှိရင် ၀ယ်တယ်။ လမ်းထွက် မျက်စိထဲ လှတယ်ထင်ရင် ၀ယ်တယ်။ တန်တယ်ထင်ရင် ၀ယ်တယ်။ လိုလို မလိုလို ၀ယ်တယ်။ ပြီးရင် တကယ်အပြင်ထွက်မယ် ဆိုတော့လည်း ဘာမှ သေချာ ၀တ်စရာမရှိ။ cosmetic နဲ့ skincare တွေလည်း အဲ့အတိုင်းပဲ။ တကယ်ဆို ကိုယ်တကယ် လိုတာ ကိုယ့်အတွက် အဆင်ပြေတာကို သေချာ ရွေးဝယ်ရမှာ။ ကပ်စီးနည်းတာရယ် သုံးချင်ရာ သုံးပစ်တာရယ် နှစ်ခုတွဲကြီး ပူးပါလာတဲ့ ကိုယ့်စရိုက်ကိုလည်း သေချာပြင်ရမယ်။ အဲဒီတော့ ကိုယ်လိုအပ်တာတွေကို စာရင်းလုပ်ပြီး ကပ်စီးမနည်းဘဲ တစ်ခါထဲ ၀ယ်ထားရမယ်။ ပြီးရင်တော့ ထပ်မ၀ယ်နဲ့တော့ဘဲ။
နောက်တစ်ချက် အားအားရှိ အလှပြင်ဆိုင်သွားတာ။ ဆံပင်ကို ပေါင်းတင်ချင်ရတာနဲ့ … ခြေထောက် scrub လုပ်ပြီး လက်သည်းခြေသည်း ဆိုးချင်ရတာနဲ့ … မျက်နှာ ပေါင်းတင်ချင်ရတာနဲ့ တစ်ပါတ်တစ်ပါတ် ရှုပ်နေတာပဲ။ အရင်ကတော့ ၆လ တစ်ခါလောက်မှ အိမ်ပြန်ရတာဆိုတော့ ရောက်တုန်းလေး လုပ်တာ သိပ်ကိစ္စမရှိပေမယ့် အခုလို တစ်ပါတ်တစ်ခါ အိမ်ပြန်နေတဲ့အချိန်မှာတော့ ဒီအကျင့်ကို ပြင်မှဖြစ်တော့မယ်။


ကဲ နောက်ဆုံးတစ်ချက်ကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းမှ မရှိတာဘဲ။ အဲဒါတော့ အခု ညနေ ရုံးဆင်းရင် အိမ်ကိုလမ်းလျှောက်ပြန်တဲ့နည်းနဲ့ နည်းနည်းလှုပ်အောင်လုပ်နေတယ်။ တကယ်ဆို မနက်စောစောလေး နာရီဝက်လောက်စောထွက်ပြီး လမ်းလျှောက်သွားသင့်တာ။ အိပ်ယာထဲ အပျင်းထူ မထချင်တာနဲ့ဘဲ အထမမြောက်သေးဘူး။ ဗိုက်ခေါက်ထူနေတာလည်း ပုံမှန်လေးပြန်ဖြစ်အောင် လုပ်ရဦးမယ်။

မနက်စောစော ကမ်းနားမှာ ဘယ်လောက်လှလဲ …. လမ်းသာထလျှောက်ဖြစ်ရင် အတော်ကောင်းမှာဆိုပေမယ့် အိမ်မက်ထဲပဲ လျှောက်ဖြစ်နေတယ်။

ဘ၀မှာ နည်းနည်းလေး အာရုံစိုက်ပြီး ပြုပြင်လိုက်ရင် အများကြီးကောင်းမွန် ပြောင်းလဲသွားနိုင်ပေမယ့် ပြင်ရမယ့် အပိုင်းနည်းနည်းလေးကို သတိမထားမိလို့ရယ် ပြင်ချင်စိတ်မရှိလို့ရယ် ဆက်သွားနေမိရင် ………. တစ်ချိန်မှာ ကိုယ်မှားတာခံရတာ ကိုယ်ကိုယ်တိုင်အပြင် ဘယ်သူရှိဦးမလဲ။


Friday, November 8, 2013

လူတွေနဲ့ ကိုယ်နဲ့အဆင်မပြေ


လူတွေနဲ့ အဆင်မပြေဘူးဆိုတော့ ဘယ်သူတွေနဲ့ပဲ အဆင်ပြေတုန်းလို့ မေးချင်စရာပဲ။

ကိုယ်ချစ်ခင် ရင်းနှီးတဲ့သူတွေနဲ့ ဝေးနေရတဲ့ခဏမှာ သစ်ပင်စိမ်းစိမ်းလေးတွေ …. ပန်းပွင့်လှလှလေးတွေ …. ချစ်စရာ တိရစ္ဆာန်လေးတွေနဲ့ပဲ အချိန်ကုန်ရရင် ကောင်းသား။

အိမ်ကို ၆လ တစ်ခါလောက်ပဲ ပြန်ဖြစ်တဲ့အခြေအနေမှာ အများဆုံးစကားပြောဖြစ်တာ မေးစရာမလို ရုံးကလူတွေပဲ ဖြစ်နေခဲ့။ တစ်နေ့လုံးအလုပ်လုပ်လည်း ဒီလူတွေ …. ညနေအိမ်ပြန်လည်း ဒီလူတွေ …. ကိုယ်ဝမ်းသာလည်း ဒီလူတွေ … ကိုယ်ဝမ်းနည်းလည်း ဒီလူတွေပဲ ဖြစ်ခဲ့။

ဖြစ်လာတဲ့အခြေအနေမှာ အဆင်ပြေရာအဖော်ပြုနေရင်း ကိုယ်ရခဲ့တာ မဆုံးနိုင်တော့မယ့် သင်ခန်းစာတွေပေါ့။

လွတ်မြောက်တော့မှာပဲ ဆိုပါမှ ဆက်သည်းမခံချင်တော့တာ လူ့စိတ်များလား။

ကိုယ့်ဖက်က ရိုးသားရင်းနှီးပွင့်လင်းမှုကို ပြန်ပြန်ရခဲ့တာ အတွင်းကြိတ်ယှဉ်ပြိုင်မှုတွေနဲ့ အဆီအငေါ်မတည့်လှတဲ့ မိတ်ဆွေလိုလို ဆက်ဆံရေးတွေပဲ ဖြစ်နေခဲ့ပါလား။

အမှန်တော့လေ … ကိုယ့်မှာ တကယ်ခင်မင်စရာကောင်းတဲ့သူတွေ ကိုယ်ပွင့်လင်းသမျှ တန်ဖိုးထားတဲ့သူတွေ ရှိနေပြီးသားပါ။

အသက်ကြီးလာတိုင်း နောက်ထပ်ပြီး တွေ့လာတဲ့လူတိုင်း ကိုယ့်သူငယ်ချင်းဖြစ်လာလိမ့်မယ်လို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ (ဒါ နောက်ဆုံးရတဲ့ သင်ခန်းစာပါ)

ကိုယ်ကျရှုံးဝမ်းနည်းတဲ့အချိန်မှာ အလွယ်တကူ စုတ်သပ် သနားပေးတတ်တဲ့ သူတွေဟာ ကိုယ်အဆင်ပြေ လာတော့မယ်ဆိုတော့ ၀မ်းသာပေးဖို့ သိပ်ခက်ခဲကြပါလား။

အဆိုးမြင်ပြီး ဂဂျီဂဂျောင်ကြ အယူသည်းတဲ့သူတွေရှိနေမယ့် အလုပ်ပါတ်ဝန်းကျင်ဆိုတာ နောက်လည်း ရှောင်လွှဲလို့မရမယ့်အတူတူ အဲ့လိုလူမျိုးတွေကို တွေ့တာနဲ့ သတိထားမိဖို့ တတ်နိုင်သမျှ ကင်းကင်းနေနိုင်မယ့် နည်းပရိယါယ်တွေသိလာနိုင်တာကပဲ အရှုံးတွေထဲက အမြတ်လို့ သဘောထားပါတယ်။

ကိုယ်အခုဆို အမြဲပြုံးနေပါတယ်။ အမြဲပြုံးနေဖြစ်အောင်လည်း သတိထားပါတယ်။ ကိုယ့်ဘေးကလူတွေကတော့ ကိုယ်ဝမ်းနည်းနေရတုန်းက သိပ်မထူးခြားပေမယ့် ကိုယ်အခုပြုံးနေတာမြင်ရတော့ သိပ်စိတ်ချမ်းသာကြပုံမပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ပြုံးပြုံးလေးနေရတာပဲ သဘောကျပါတယ် :)

Thursday, November 7, 2013

တစ်ဆောင်းသစ်ပြန်ပြီ

လွမ်းသူ့အိမ်မက်တွေ နီးကပ်လာအောင် ဆောင်ကြဉ်းပေးတဲ့ နိုဝင်ဘာ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါ။

အလွမ်းတွေထဲမှာ အမေ့အိမ်က ကော်ဖီပူပူနွေးနွေး၊ စိတ်အေးလက်အေး နိုးထခွင့်ရတဲ့ မနက်ခင်းတွေ၊ ကိုယ်လုပ်ချင် ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ခွင့်၊ ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ တွေ့ဆုံစကားပြောခွင့် …. စသဖြင့် စသဖြင့် …… အရာအားလုံးဟာ အခုတော့ နီးနီးလေးပဲ။

နီးကပ်လွန်းလို့ တကယ်ဖြစ်လာတာမှ ဟုတ်ရဲ့လားရယ်လို့ သံသယ၀င်မိတာ အကြိမ်ကြိမ်။

လွတ်မြောက်တော့မယ်ဆိုတဲ့အချိန်မှာ ရမိတဲ့ ပျော်ရွှင်မှုဟာ အတိုင်းအဆမဲ့ …. ဒီတော့မှ ကိုယ်ခံစားနာကျင်ခဲ့ရတာ ဘယ်လောက်တောင် များနေခဲ့ပြီလဲလို့ အထိတ်တလန့် သတိထားမိတော့တယ်။

ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်တည်နိုင်အောင် တချို့တချို့အရာတွေ စတေးပြီး ကြိုးစားခဲ့ပြီးနောက်မှာ …….. နောင်များတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ဘယ်လိုအရာတွေနဲ့မှ မလဲတော့ဘူးလို့ ဆုံးဖြတ်မိပါရဲ့။

Monday, September 30, 2013

When September Ends

ဖျတ်ခနဲ မျက်လုံးအပွင့်မှာ အကျင့်ပါနေတဲ့အတိုင်း နာရီကို ကြည့်မိတော့ နေ့ခင်း ၂ နာရီ။ တစ်ရေး အိပ်ပျော်သွားခဲ့တာပါလားလို့ တွေးမိရင်း ထူးထူးခြားခြားတိတ်ဆိတ်နေတဲ့ … ပါတ်ဝန်းကျင်ကို သတိထားမိသွားတယ်။ မီးစက်သံတွေလည်းတိတ် ….. လူသံတွေလည်း ဆိတ် … ဟိုးအဝေးက ငှက်ကလေး တစ်ကောင်အော်နေလေရဲ့ ….. အမယ် ဥသြ ဥသြ ဆိုပါလား။

တကယ်ဆို ဒီစက်တင်ဘာတစ်လလုံးဟာ အလုပ်ရှုပ်လွန်းလှချည်ရဲ့။ တစ်ခါသွားရင် တစ်ပါတ်နီးပါးကြာတဲ့ ခရီး (၃)ခုထွက်ဖို့ ကိုယ်တို့ရုံးက စီစဉ်ရတယ်။ ခရီးက ပြန်လာတော့လည်း ရီပို့တင်းအတွက် အချိန်ပေးရ … နောက်တစ်ခေါက် ပြန်ထွက်ရနဲ့ နောက်ဆုံးတစ်ခေါက်မှာတော့ အစီအစဉ် ပြောင်းသွားလို့ ကိုယ်မသွားရတော့ပါ။ ဒါပေမယ့် အရင်အခေါက်တွေ ပင်ပန်းထားတဲ့ဒဏ်တွေနဲ့ ရုံးက တခြားသူတွေဆီက ကူးတာနဲ့ ပေါင်းပြီး ဖျားပါတယ်။ ဖျားသော်လည်း ထူထူထောင်ထောင် နေနေနိုင်တဲ့ အခြေအနေမို့ ဆေးသောက်လိုက် …. တစ်ယောက်တည်း ငြီးငြူလိုက်နဲ့ပဲ အဖျားရက်ရှည်တွေ ဖြတ်သန်းရင်း ရုံးတက်မပျက်ခဲ့ရပြန်ဘူး။ ရုံးကလည်း မတက်မဖြစ် …. ရီပို့မျိုးစုံလည်း ပေးဖို့ ရှိသလို ပုံမှန်လုပ်နေကြ အလုပ်တွေအတွက် ဒတ်လိုင်းတွေကလည်း လွန်၊ ဒီကြားထဲ တချို့သောလူတွေရဲ့ ဆိုးဝါးတဲ့ အဇ္ဖုတ္တကို မြင်လိုက်ရပြန်တော့ စိတ်က ဒဏ်ရာတွေပဲ ထပ်တိုးပြန်။

ဒီလို ဒီလိုနဲ့ မခံနိုင်တဲ့အဆုံး ခွင့်နေ့တစ်ဝက်ယူရင်း အိမ်ပြန်အိပ်ပျော်သွားခဲ့တာ ….. ကိုယ်နိုးလာခဲ့တော့ …. စက်တင်ဘာလဟာ ကုန်ဆုံးသွားပါရောလား ….. လို့ အေးမြနေတဲ့ လေတွေ တိုးသက်တဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ငေးကြည့်ရင်း အလန့်တကြား သတိထားမိလိုက်ပါတယ်။

မြန်မာပြည်မြောက်ပိုင်းဟာ ကိုယ်ကြီးပြင်းခဲ့ရာ ရန်ကုန်မြို့ထက်တော့ ဆောင်းအ၀င်စောပါတယ်။ ခရီးတွေထွက်ရင်း အလုပ်တွေရှုပ်ရင်း အလုပ်ကကိုယ့်ကို ပြန်ခိုင်းနေတဲ့အခြေအနေကနေ ရုန်းမထွက်နိုင်ရင်း သတိမပြုမိလိုက်ခင်လေးမှာပဲ မိုးဟာ စက်တင်ဘာနဲ့အတူ နှုက်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ နေ့လည် နေ့ခင်း ၂ နာရီအချိန်မှာ လေနုအေး တိုးသက်အေးစိမ့် အထိအတွေ့မှာ ကိုယ်ရစ်မူး မူးမိုက်ရင်း မကြည်လင်တာတွေကို မေ့ပစ်လို့ ဒီတစ်ဆောင်းကိုဖြင့် စက်တင်ဘာကို နှုတ်ဆက်ရင်း ကြိုဆိုလိုက်ပါတယ်။


Wednesday, July 24, 2013

အချစ်သည် အ၀ါရောင် အင်္ကျီတစ်ထည် ၀တ်ထားသည်။



ဘေဘီ … တို့တွေစတွေ့ကြတုန်းက ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ စကပ်တိုတိုနဲ့ ကောင်မလေးဟာ အခုလို ခပ်မှိုင်းမှိုင်း အန်တီပေါက်စန ဖြစ်လာလိမ့်မယ်လို့ မင်း ဘယ်တွေးမိလိမ့်မလဲ ဘေဘီ။

အဲဒီနေ့က အ၀ါရောင်အကျ ၀တ်ထားလား မမှတ်မိတော့ဘူး ဘေဘီ။

ဒါပေမယ့် တိမ်တွေလင်းတယ် …. သီချင်းတွေ လင်းတယ် …. ရင်ခုန်သံတွေ လင်းခဲ့တယ် ဘေဘီ။ 

အလင်းရဲ့ အနီးစပ်ဆုံးအရောင်ဟာ အ၀ါရောင်ဖြစ်တယ်လို့ ကိုယ့်ဖာသာ ကောက်ချက်ချတယ် ဘေဘီ။ ဒါမို့ တိမ်တွေဟာလဲ အ၀ါရောင် …. ညနေဟာလဲ အ၀ါရောင် …. ကိုယ့်အိမ်အောက်ကို ရှက်ကိုးရှက်ကန်းနဲ့ ရောက်လာတဲ့ ကောင်ကလေး တစ်ယောက်ရဲ့ ဂျင်းဂျတ်ကတ်ဟာလဲ အ၀ါရောင်။ ကိုယ်တို့ အတူတူသောက်ခဲ့တဲ့ အအေးခွက်တွေဟာ အ၀ါရောင်။ မင်းဆိုပြခဲ့တဲ့ သီချင်းဟာ အ၀ါရောင်။ မင်းမျက်လုံးရဲ့ အကြည့်ဟာ အ၀ါရောင်။

အချိန် နဲ့ နေရာ အလှမ်းကွာဝေးမှုမှာ ကိုယ့်အလင်းတွေ ညို့ ခဲ့ပြီလား ဘေဘီ။ 

ဆရာ မောင်ကိုကိုကတော့ ဒီလိုရေးတယ် ……….
 “ အတွေးအခေါ်ဟောင်းများသည် လေညင်းကလေးကိုဖြစ်စေ၊
   ကျွန်တော့်ကိုဖြစ်စေ၊ ချစ်သူကိုဖြစ်စေ မျှော်လင့်ချက်အသစ်ရှိရာသို့
   လမ်းညွှန်နိုင်လိမ့်မည် မဟုတ်ပါ။
   …………………………….
   …………………………….
   လင်းသည့် ပန်းချီကားကို ကြည့်မည်။
   လင်းသည့် သီချင်းကို နားထောင်မည်။
   လင်းသည့် ကဗျာကို ဖတ်မည်။”

ကိုယ့်နှလုံးသားလင်းဖို့ ကိုယ်အမြဲကြိုးစားနေပါတယ် ဘေဘီ။

မင်းဝတ်ဖို့လည်း အ၀ါရောင်အကျတစ်ထည် ပါဆယ်နဲ့ ပို့လိုက်ပါတယ်။ ၀တ်မ၀တ်ကတော့ မင်းသဘောပါ။ ဒီစာကို ဖတ်မိရင် မင်းမှာ အ၀ါရောင်အကျတစ်ထည် ရှိနှင့်ဖို့တော့ လိုတယ်မို့လား။