တကယ်ဆို ဒီအချိန်
မြန်မာနဲ့ ထိုင်းပွဲကြည့်နေရမှာ။ ကိုယ်တွေက အိမ်မရှိ ယာမရှိဆိုတော့ တီဗွီလည်း မရှိဘူးရယ်။
တစ်မြို့တစ်ရွာမှာ လက်ဘက်ရည်ဆိုင်လိုနေရာ သွားထိုင်ကြည့်လို့လည်း မကောင်းဆိုတော့
FB က status လေးတွေ update တက်လာတာလေးပဲ စောင့်ကြည့်နေရတယ်။ အင်တာနက်ကလည်း တုံ့နှေးနှေးဆိုတော့
စောင့်ကြည့်နေတုန်းပဲ ၂၀၁၄ အတွက် ကိုယ့်ကိုယ်ကိုယ် ဘ၀င်မကျ ဖြစ်နေတာလေးတွေ ရေးကြည့်မယ်လို့
စိတ်ကူးရတယ်။
ပထမဆုံးဘ၀င်မကျတာတော့
ပိုက်ဆံသုံးတာပဲ။ ငွေကို စည်းနဲ့ကမ်းနဲ့ ကို သိပ်မသုံးတတ်သေးဘူးလို့ ထင်တယ်။တစ်လ တစ်လ
ဘယ်လောက်သုံးမယ်လို့လည်း သေချာ မသတ်မှတ်ဘူး။ လခရ အိမ်ကိုပေးပြီးရင် မကုန်မချင်းကို
သုံးနေသလိုခံစားရတယ်။ အမှန်တော့ အိမ်ကိုပေးပြီးရင် သိပ်အများကြီး မပိုပေမယ့် စစ်စစ်စီစီလေး
လုပ်နိုင်ရင် အပိုထွက်လာနိုင်ပါရဲ့။ အခုက ဒီလိုပဲ သုံးလိုက်တာက ဘာမှလည်း မရ ဘာမှလည်းအကျိုးမထူးဘဲ
ကုန်ကုန်သွားတာ ဆိုတော့ ဒီအကျင့်ကို အခုလကုန် လခရကတည်းက ပထမ ဦးစားပေး စပြင်ရတော့မယ်။
ဒုတိယမကြိုက်တာကတော့
Shopping (eeek ဒါ အချစ်မဖတ်မိပါစေနဲ့)။ လက်ထဲပိုက်ဆံရှိရင် ၀ယ်တယ်။ လမ်းထွက် မျက်စိထဲ
လှတယ်ထင်ရင် ၀ယ်တယ်။ တန်တယ်ထင်ရင် ၀ယ်တယ်။ လိုလို မလိုလို ၀ယ်တယ်။ ပြီးရင် တကယ်အပြင်ထွက်မယ်
ဆိုတော့လည်း ဘာမှ သေချာ ၀တ်စရာမရှိ။ cosmetic နဲ့ skincare တွေလည်း အဲ့အတိုင်းပဲ။ တကယ်ဆို
ကိုယ်တကယ် လိုတာ ကိုယ့်အတွက် အဆင်ပြေတာကို သေချာ ရွေးဝယ်ရမှာ။ ကပ်စီးနည်းတာရယ် သုံးချင်ရာ
သုံးပစ်တာရယ် နှစ်ခုတွဲကြီး ပူးပါလာတဲ့ ကိုယ့်စရိုက်ကိုလည်း သေချာပြင်ရမယ်။ အဲဒီတော့
ကိုယ်လိုအပ်တာတွေကို စာရင်းလုပ်ပြီး ကပ်စီးမနည်းဘဲ တစ်ခါထဲ ၀ယ်ထားရမယ်။ ပြီးရင်တော့
ထပ်မ၀ယ်နဲ့တော့ဘဲ။
နောက်တစ်ချက်
အားအားရှိ အလှပြင်ဆိုင်သွားတာ။ ဆံပင်ကို ပေါင်းတင်ချင်ရတာနဲ့ … ခြေထောက် scrub လုပ်ပြီး
လက်သည်းခြေသည်း ဆိုးချင်ရတာနဲ့ … မျက်နှာ ပေါင်းတင်ချင်ရတာနဲ့ တစ်ပါတ်တစ်ပါတ် ရှုပ်နေတာပဲ။
အရင်ကတော့ ၆လ တစ်ခါလောက်မှ အိမ်ပြန်ရတာဆိုတော့ ရောက်တုန်းလေး လုပ်တာ သိပ်ကိစ္စမရှိပေမယ့်
အခုလို တစ်ပါတ်တစ်ခါ အိမ်ပြန်နေတဲ့အချိန်မှာတော့ ဒီအကျင့်ကို ပြင်မှဖြစ်တော့မယ်။
ကဲ နောက်ဆုံးတစ်ချက်ကတော့
ကိုယ်လက်လှုပ်ရှားမှု နည်းနည်းမှ မရှိတာဘဲ။ အဲဒါတော့ အခု ညနေ ရုံးဆင်းရင် အိမ်ကိုလမ်းလျှောက်ပြန်တဲ့နည်းနဲ့
နည်းနည်းလှုပ်အောင်လုပ်နေတယ်။ တကယ်ဆို မနက်စောစောလေး နာရီဝက်လောက်စောထွက်ပြီး လမ်းလျှောက်သွားသင့်တာ။
အိပ်ယာထဲ အပျင်းထူ မထချင်တာနဲ့ဘဲ အထမမြောက်သေးဘူး။ ဗိုက်ခေါက်ထူနေတာလည်း ပုံမှန်လေးပြန်ဖြစ်အောင်
လုပ်ရဦးမယ်။
မနက်စောစော
ကမ်းနားမှာ ဘယ်လောက်လှလဲ …. လမ်းသာထလျှောက်ဖြစ်ရင် အတော်ကောင်းမှာဆိုပေမယ့် အိမ်မက်ထဲပဲ
လျှောက်ဖြစ်နေတယ်။
ဘ၀မှာ နည်းနည်းလေး
အာရုံစိုက်ပြီး ပြုပြင်လိုက်ရင် အများကြီးကောင်းမွန် ပြောင်းလဲသွားနိုင်ပေမယ့် ပြင်ရမယ့်
အပိုင်းနည်းနည်းလေးကို သတိမထားမိလို့ရယ် ပြင်ချင်စိတ်မရှိလို့ရယ် ဆက်သွားနေမိရင်
………. တစ်ချိန်မှာ ကိုယ်မှားတာခံရတာ ကိုယ်ကိုယ်တိုင်အပြင် ဘယ်သူရှိဦးမလဲ။