Wednesday, May 24, 2017
Wednesday, March 4, 2015
What I Have Learned Today : Copy Blank Adjacent Cell in Excel
တခါတလေ
Excel မှာ ဘေးကပ်ရပ် cell က ဒေတာတွေ ကော်ပီ ကူးရတာမျိုး ရှိပါတယ်။ data က နည်းနည်းလေးဆိုရင်တော့
ကိစ္စမရှိပေမယ့် row တွေအရမ်းများရင်တော့ လက်ညောင်း အချိန်ကုန်ပါတယ်။ ဒီလိုအချိန်ဆို
ဒီ ဖော်မြူလာလေးနဲ့ အလွယ်ဖြေရှင်းလို့ရပါတယ်။
ပုံ (၁) ဆိုရင်
Column C က value ကို လွတ်နေတဲ့ Column B မှာ ထည့်ချင်တာပါ။ ဒေတာ နည်းရင်တော့ ကော်ပီကူးထည့်လိုက်ရုံပါပဲ။
အကယ်၍ row အများကြီးအတွက်ဆိုရင်တော့ တမျိုးလုပ်ကြည့်ရမှာပါ။
| ပုံ(၁) |
| ပုံ(၂) |
Column D မှာ ဒီဖော်မြူလာလေး
ထည့်ပါမယ်။ ပုံ(၂) မှာကြည့်ပါ။
=IF(C2="",B2,C2)
သဘောက
C2 က
blank ဖြစ်မယ်ဆိုရင် D2 မှာ B2 က value ကိုထည့်ပါ၊ C2 က blank
မဟုတ်ဘူးဆိုရင်တော့
D2 မှာ C2 ရဲ့ value ကိုထည့်ပါလို့ ပြောတာပါ။ Column B နဲ့ C က blank
မဖြစ်တဲ့
cell value တွေကို Column D မှာ ပေါင်းထည့်ခိုင်းလိုက်ပီး Column D ကိုပဲ
ချန်ထားပါမယ်။ B နဲ့ C ကို မဖျက်ခင် Column D ကို Copy Past Value နဲ့copy
ကူးဖို့တော့ မမေ့ပါနဲ့နော်။
Thursday, February 19, 2015
Medicine for loneliness
အခုတလော ရာသီဥတု အပြောင်းအလဲကြောင့် နေမကောင်း အအေးမိ ဖျားတယ်။ နေ့ခင်းပူပေမယ့် ညနက်ပိုင်းနဲ့ မနက်ဆို အလွန်အေးတာကြောင့် နှာရည်ပူကျ ကိုယ်တွေပူနဲ့ နေလို့ထိုင်လို့ မကောင်းပါဘူး။ အလုပ်တွေလည်း ဖြတ်ဖို့ရှိတာကြောင့် နေမကောင်းလည်း ကိုယ့်လောဘနဲ့ ကိုယ် ရုံးလာပါတယ်။ နေမကောင်းဘဲ ရုံးတက်တာ နောက်တစ်ချက်က အိမ်မှာ နေရတာ ပျင်းလို့ပါ။ ရုံးမှာမှ ကော်ဖီ သောက်ချင်ရင် helper ညီမလေးကို အကူအညီတောင်း ဖျော်ခိုင်းလို့ရသေးတယ် ... အိမ်မှာတော့ မလှုပ်နိုင် မထနိုင်လည်း ကိုယ်ဖျော်မှ ကိုယ်သောက်ရတဲ့ ဘ၀မို့ တော်တော်တန်တန် ထူထောင်နိုင်ရင် ရုံးလာဖြစ်တာပဲ များပါတယ်။
ဒီလိုနဲ့ နည်းနည်းသက်သာလာတဲ့ မနေ့ညမှာ ယောဂ လေးနည်းနည်းလုပ် အကြောတွေ ဖြေလျှော့ မျက်စိမှိတ် နားနေရင်း တရားနည်းနည်းမှတ်ဖြစ်ပါတယ် ... နည်းနည်းမှ တကယ့်နည်းနည်းလေးပါ။
ထူးခြားချက်က အိပ်ခါနီး အချစ်က ဖုန်းဆက်တော့ အရင်လို ပူလောင်လွန်းတဲ့ စွဲလန်းတွယ်တာစိတ်၊ သံယောဇဉ်ကြီးစိတ်တွေ လျော့နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိတာပါပဲ။ ဒီမနက် ရုံးရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် အကိုတစ်ယောက် share ထားတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ ဗွီဒွီယိုမှတ်တမ်းဖိုင်လေး တစ်ခု ကြည်ြ့ဖစ်တယ်။ သတိထားမိတာ စိတ်ထဲမှာ အလိုလိုရောက်လာတဲ့ ကြည်လင်မှုတွေပါပဲ။
ရုံးမှာ အလိုမကျတဲ့ဒေါသ၊ ဖြစ်ချင်တာတွေ မဖြစ်ရကောင်းလားဆိုတဲ့ လောဘနဲ့ လက်စားချေ မုန်းတီးတဲ့စိတ်တွေ ပါ ပါးလျားသွားတာ သတိထားမိပါတယ်။ နောက် နှစ်များစွာ အိမ်နဲ့အဝေးမှာ မပြည့်စုံတဲ့ ဒေသတွေမှာ နေလာရင်း မသိမသာ ခံစားလာရတဲ့ အထီးကျန်ဆန်မှုဆိုတဲ့ စိတ်ကလေးလည်း နည်းနည်းစီ ပျောက်ချင်လာတာ သတိထားမိပါတယ်။
အခုအချိန် အလွန်အင်မတန်မုန်းတီးတဲ့ လူတစ်ယောက်အကြောင်း စဉ်းစားမိချိန်မှာလည်း အရင်လို ဒေါသပြင်းထန်တဲ့ စိတ်မဖြစ်တော့တာကိုလည်း သတိထားမိတယ်။ ဒီငြိမ်းအေးမှုဟာ အခိုက်အတန့်ဆိုပေမယ့် သိပ်ကို စိတ်အေးချမ်းတာကြောင့် ဗုဒ္ဓရဲ့ အဆုံးအမကို ပိုပို နှလုံးသွင်းပြီး နေသွားချင်တဲ့စိတ်၊ တရားမှတ်တာကို အချိန်ရသလို ပိုတိုးလုပ်ချင်တဲ့စိတ်ကလေး ဖြစ်လာတယ်။
တကယ်ဆို အိမ်နဲ့အဝေး၊ ချစ်သူခင်သူတွေနဲ့ အဝေး၊ အရာရာ ပြည့်စုံမှုတွေနဲ့ အဝေးဒေသတွေမှာ နေထိုင်အလုပ်လုပ်ရတာ အစက မသိသာပေမယ့် တဖြည်းဖြည်းကြာလာတော့ ကိုယ့်အတွက် သိပ်ပင်ပန်းပါတယ်။ အထီးကျန်မှုဟာ နည်းမျိုးစုံ ထောင့်မျိုးစုံနဲ့ ကိုယ့်စိတ်ထဲမှာ နေရာယူတယ်။ တခါတလေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုး ဖြစ်သွားပါလိမ့်လို့ တအံတသြ ပြန်စဉ်းစားမိတဲ့ အချိန်တွေလည်း မနည်းပါဘူး။
အခုတော့ ပျက်ပြားနေတဲ့ ကိုယ့်စိတ်ဓါတ်ကို အနိုင်ယူဖို့ နည်းလမ်းကောင်းလေး တွေ့ပါပြီ။ ဒီနည်းလမ်းဟာ ကောင်းတာသိပေမယ့် မလုပ်ဖြစ်တဲ့နှစ်ပေါင်းကြာတော့ ကောင်းမှန်းမေ့နေသလိုပေါ့လေ။
ဗုဒ္ဓရဲ့ တရားကို အားထုတ်ခြင်းဟာ ပူလောင်ပျက်စီးနေတဲ့ကိုယ့်စိတ်ဓါတ်ကို အဓိပ္ပါယ်အရှိဆုံးနည်းလမ်းနဲ့ ထွက်ပေါက်ရစေတာပါပဲ။
သီတဂူဆရာတော်ဘုရား video link က အောက်မှာပါ။ facebook က share တာမို့ facebook link ပဲ ပေးလိုက်ပါတယ်။
https://www.facebook.com/heartarharya?pnref=story
နောက်ပီးတော့ ကိုယ် အခုတလော ယောဂ လုပ်ပါတယ်။ ကိုယ် Youtube မှာ ရှာဖွေထားတဲ့ သဘောကျတဲ့ ယောဂ Video လေးတွေလည်း link လေးပါ ပေးထားပါတယ်။ ကိုယ်အကြိုက်ဆုံး ယူကျုက ယောဂ နည်းပြဆရာမ Adriene ရဲ့ channel ပါ။ သူ့ရဲ့ 30 Days Yoga ကိုတော်တော် သဘောကျပါတယ်။
https://www.youtube.com/channel/UCFKE7WVJfvaHW5q283SxchA
Happy weekend all !
Sunday, January 25, 2015
ဆွေး
တကယ်ဆို ဘ၀ဟာ
သူ့အလိုလို နောက်ပြန်လှည့်ပြေးနေတာ ကြာပြီ။
အိုင်ဖုန်း
နဲ့ ဘရန်းဒက် အိတ်လှလှလေးတွေဟာ ဟို အရင်၅နှစ်က
SG 10 တန် အိတ်ကလေးနဲ့ Nokia keypard လေးသယ်လာပေးတဲ့ပျော်ရွှင်မှုကို ခုထိ လုမယူနိုင်သေးဘူး။
အောချက်လမ်းဘေးမှာ ကော်ဖီလေးတစ်ခွက်ကိုင် အေးအေးဆေးဆေးတွေးငေးရင်း လူတွေကို လိုက်ကြည့်ခဲ့တဲ့ ညနေတွေ အကြိမ်ကြိမ် ပြန်လိုချင်တုန်းပဲ။
အဲဒီတုန်းက အနားမှာ ဘယ်သူမှ မရှိသလို အခုလည်း ဘယ်သူမှမရှိပါဘူး … အဲဒီတုန်းက ငြိမ်းအေးလွပ်လပ်မှုကတော့ အခုအချိန် ပြန်ရှာမရတဲ့ ရှေးဟောင်းပစ္စည်းဖြစ်သွားပြီ။
ဟုတ်တယ် … စင်ကာပူကို လွမ်းပါတယ် … ပျိုမြစ်တဲ့ အချိန်တွေကို လွမ်းတယ် … ရှေ့ရေးနောက်ရေးတွေ တွက်ဆစရာမလိုတဲ့ အချိန်တွေကို လွမ်းတယ် …. လွပ်လွပ်လပ်လပ်ရိုးသားခွင့်ရတဲ့ အချိန်တွေကို လွမ်းတယ်။
ဘ၀ရဲ့ ချိုမြိန်မှု
ပျိုမြစ်မှု ရိုးသားစင်ကြယ်မှု ဒါတွေအားလုံးမရှိတော့တဲ့ဘ၀အသစ်တစ်ခုမှာ ဘာကိုတန်ဖိုးထားပြီး
နေသွားရမလဲဆိုတာ …. ငါရှာဖွေနေတုန်း ရှာဖွေဆဲ ….. ဘယ်သူ့အချုပ်အနှောင်နဲ့မှ မဟုတ်ရဘဲ
ကိုယ့်ဘ၀ထဲကိုယ် လိုလိုလားလား ပိတ်မိနေဆဲ ………….။
Wednesday, August 20, 2014
အသက်ရှူ ပါ
အကောင်းဆုံးက အသက်ရှူ ပါ
လေအေးအေးလေးကို ရှူ သွင်းလိုက်
ပူပင်မှုတွေ ပြန်ရှူ ထုတ်လိုက်
အရှည်ကြီးရှူ သွင်း …. ပီးတော့ အရှည်ကြီး ပြန်ရှူ ထုတ်
အသက်ရှူ ခြင်းဟာ သဘာဝတရားပဲ
ငြိမ်းအေးမှုဟာ သဘာဝထဲမှာရှိရဲ့
လက်မလေးနဲ့ ညာနှာခေါင်းကိုပိတ် ဘယ်နှာခေါင်းကနေ ရှူ သွင်းလိုက်
ညာဖက်ကနေ ပြန်ရှူ ထုတ် …. ပြီးတော့ ပြန်ရှူ သွင်း …. ဘယ်ဖက်က ပြန်ထုတ်
ဘယ်နဲ့စခဲ့ရင် ဘယ်နဲ့ဆုံး
လောကထဲ အမုန်းအာဃာတ မီးတောက်တွေ စမိရင် မဆုံးနိုင်ခဲ့ခြင်းတွေ
မေ့ထားလိုက် …. အသက်ကို ဖြေးဖြေးလေးလေး အေးအေးဆေးဆေးရှူ
မျက်လုံးကိုဖွင့်ကြည့်ရင် လောကရဲ့ သူ့နဂိုအတိုင်းတည်ရှိမှုကိုမြင်ရမယ်
ကောင်းကင်ပြာ သစ်ပင်စိမ်း ငြိမ်းအေးတဲ့စိတ်နဲ့ကြည့်ပါ
အဆင်မပြေ စိတ်ပင်ပန်းမှုတွေ … အားလုံးကို ရပ်
ပြီးတော့ ….. အသက်ရှူ ပါ။
image from http://uncw.edu/counseling/inharmony/gettinginto.html
Wednesday, July 16, 2014
စိတ်အေးလက်အေး စာစီစာကုံး
လူအချင်းချင်း အလွန်မတန်လွယ်ကူစွာဆက်သွယ်နိုင်သော
ခေတ်ကြီးတွင် ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် ပို၍ ဝေးကွာသွားကြသည်။
မိုးရွာပြီးစ ညို့မှိုင်းစွတ်စိုလေထုအောက်တွင်
စာကလေးတစ်အုပ် ဓါတ်ကြိုးတန်းများပေါ်တွင် စိတ်အေးလက်အေး။
စာကလေးများသည် ဖေ့ဘွတ်မသုံးတတ်သောကြောင့်
လူများကဲ့သို့ ဓါတ်ကြိုးကိုကြောက်ရန်မလို။
စာကလေးများသည် ဥာဏ်မသုံးတတ်သောကြောင့်
တစ်နေ့ ၈ နာရီ ဘ၀ကို ပိတ်လှောင်ရန်မလို။
ထို့ကြောင့် စာကလေးများသည်
စိတ်အေးလက်အေး။
ညလယ်ခေါင်တွင် မိုးသည်ဖြုန်းကနဲရွာလေရာ
စိတ်အေးလက်အေးမဟုတ်သော အိပ်စက်ခြင်းမှ ဆတ်ခနဲလန့်နိုးလေသည်။ လန့်နိုးသည်ပင် ခပ်ကောင်းကောင်း။
အိမ်မက်ထဲတွင် သူငယ်ချင်းအရင်းကြီးတစ်ယောက်မှ ပိုက်ဆံချေး၏… နောက်တစ်ယောက်က သူ့ညီမင်္ဂလာဆောင်
လက်ဖွဲ့ကို Bank Account ထဲလွှဲပေးဟုဆိုသည်။ တကယ်တော့ ၂ယောက်စလုံးအခြေအနေက ကိုယ်မယှဉ်သာအောင်
မြင့်သောသူတွေ။ အိမ်မက်သည် စိုးရိမ်ပူပန်ခြင်းများကို အသွင်ပြောင်း၍ ကပေါက်တိကပေါက်ချာပင်
စိတ်မအေးလက်မအေး မက်လေသည်။
တီဗွီမှ အလကားရသောလိုင်းများသည်
စိတ်ကို အကြားအလပ်မရှိဖျော်ဖြေမှုပေးရန် အစီအစဉ်များ တစ်ခုပြီး တစ်ခု လွှင့်လေသည်။ ဦးနှောက်ကား
စဉ်းစားရန်အချိန်မရှိ။ ပြသမျှကြည့်၍ မြင်သမျှမှတ်ရန်သာ။
စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နှင့်
စဉ်းစားတွေဝေငေးမောခွင့်အတွက် ပေးလိုက်ရမည့်အချိန်တို့သည် ယနေ့ခေတ်တွင် ပိုတန်ဖိုးကြီးသွားခဲ့သည်။
ဥာဏ်ကောင်းသောလူသည် ကြောင့်ကြခေတ်သိမ်းကင်းငြိမ်းသောဘ၀ကို
ဖန်တီးသောကြောင့် အချိန်နှင့်အမျှပြေးလွှားနေရပါသည် ….. ဥာဏ်ကောင်းသောကြောင့် ခြေထောက်သုံးရန်မလို
… ကားများ ရထားများ လေယဉ်များကို စီး၍ ပြေးလွှားနေရသည်။ အိမ်မှာထိုင်နေ၍ စိတ်ကို အချိန်နှင့်အမျှပြေးလွှားခိုင်းထားသည်။
ခလုပ်တစ်ချက်ချင်းစီ နှိပ်၍နှိပ်၍ ဥာဏ်ကောင်းသောလူကလေးများကို ပြေးလွှားခိုင်းသူများလညှ်းရှိသည်။
ခလုပ်နှိပ်သူများ စိတ်အေးလက်အေးရှိပါလေစွ။
ကမ္ဘာတစ်ဖက်ခြမ်းမှ လိပ်ပြာကလေးတောင်ပံခတ်သည်မှာမူ သူ့သဘာဝဖြစ်၍ စိတ်အေးလက်အေး ဖြစ်နေပါလိမ့်မည်။
Subscribe to:
Posts (Atom)
