Monday, April 15, 2013

ဟောလီးဒေး



ခြံထဲရှိ သရက်သီးလေးများ စိမ်းနေလေပြီ။ မကြာခင် မှည့်တော့မည်။ ရေတွင်းနားက ပန်းပင်လေးများကား  တစ်ခြံလုံးတွင် အလှဆုံးဖြစ်တော့သည်။ ခရမ်းအနုအရင့်၊ ပန်းနုသွေးမှာ အဖြူလေးတွေပါ ရောသေးသည်။ အိမ်ရှေ့ရှိ ဓညင်းပင်၊ အိမ်ဘေးရှိ အမျိုးအမည်မသိ အပင်တို့ပေါ်က ငှက်ကလေးတွေ စိုးစီ စိုးစီ အော်သံ ကြားရသည်။ အရာအားလုံးသည် တိတ်တိတ်ဆိတ်ဆိတ်၊ လေပြည်သည် ညင်ညင်သာသာ။ အရင် ရက်တွေတုန်းကတော့ ထိုအရာများကို ခံစား၍ ယခုကဲ့သို့ ၀ရံတာတွင် ဆီရွှဲရွှဲ ပုဇွန်ခြောက်နိုင်းချင်း လက်ဖက်သုပ် တစ်ပန်းကန် နှင့် စိတ်အေးလက်အေးထိုင်နေနိုင်မည့် အခွင့်အရေးမရှိ။ အလုပ်နှင့် တာဝန်ဆိုသော တစ္ဆေကား တစ်ပါတ် ၅ ရက်၊ မနက် ၈နာရီခွဲမှာ ညနေ ၅ နာရီခွဲ အထိခြောက်ရုံသာမက စနေ တင်္နနွေတွင်ပါ ကပ်ငြိပါလာတတ်သေးသည်။ အခုတော့ ခေတ္တခန လွတ်ကျွတ်ပေပြီ။ ဘာကိုမှ မစဉ်းစားချင်၊ ဘာကိုမှ မတွေးချင်။ စိတ်ပူပန်စရာတွေ ဟိုးအဝေးကို ခနပို့ထားလိုက်မည်။ ဖတ်ချင်သော စာအုပ်လေးတွေ ရွေးဖတ်လို့ရသည်။ ကိုယ်လုပ်ချင်တာလေးတွေ ရွေးလုပ်လို့ရသည်။ ၀ါသနာပါသော ဒီဇိုင်းနှင့် ပက်သက်တာတွေ ဖတ်သည်။ ဒီလို စိတ်လေးလက်အေး အချိန်လေးတွေမှာမှ မှတ်ဥာဏ်က ကြည်လင်သည်။ နေရောင်ချိုချိုတွင် စိတ်ကူးချိုချိုများပျံ့လွင့်နေမည့် ညနေ။ ညကျရင်ရော ……. ကြယ်ရောင်စုံ အိမ်မက်များ မက်ချင်ပါသေးသည်။

Wednesday, February 8, 2012

စိတ်ထဲ နှလုံးသားထဲကို ဖြတ်တဲ့အအေးလှိုင်းနဲ့ အရိပ်တွေရှည်တဲ့ညနေခင်းတွေ၊ နေတတ်ကြသူများနှင့် အတူတကွနေထိုင်ခြင်း သင်ခန်းစာ

အသက်က ၃၀ ထဲ ၀င်လာပြီ။ ဦးနှောက် စကောစကနဲ့ အခုထိ အနေထိုင်မတတ်တဲ့သူ အတွက် အတွင်းကြိတ်ရန်သူတွေပဲ တစ်နေ့တစ်ခြားပေါများလာတယ်။

ရက်တွေကို လစားတယ် … လတွေကို နှစ်စားလို့ တစ်နှစ်တာအချိန်အတွင်းမှာ ကိုယ့်ဘေးကသူတွေကို မိတ်ဆွေစစ် ဖြစ်အောင် မလုပ်နိုင်တဲ့အရည်အချင်းမှာ တစ်ခုခုတော့ တစ်နေရာရာမှာ လိုအပ်နေပြီ။ သေချာ စဉ်းစားရမှာက လိုအပ်နေတာ ဘယ်သူတွေဖက်မှာလဲ။

အသိဥာဏ်ဟာ အတွေ့အကြုံတွေဆီက လာတာလား။ ဒါဆို ရခဲ့သမျှအတွေ့အကြုံတွေအရ ဟန်ဆောင်တတ်တဲ့ ပညာတွေ တိုးတိုးလာတယ်။ သဘာဝနဲ့ မကိုက်ညီတော့ စိတ်ထဲက တူးတူးခါးခါး ငြင်းဆန်မိတဲ့အခါ အပြုအမူနဲ့ ခံစားချက်တွေ မကြာခန ခလုပ်တိုက်မိတော့တယ်။

ငါကပဲ မှားသလား ….. ငါကပဲ မှားသလား။ တခြားသူတွေရဲ့ စိတ်ခံစားချက်ကို လိုက် trace လိုက်မနေနဲ့။ ပြောခဲ့တဲ့ အကိုလဲ ပြန်မလာတော့မယ့် ခရီးဝေးကို ထွက်သွားနှင့်ပြီ။

အိမ်ပြန်ချင်တယ်။ စိတ်ထဲကနေ ထုတ်မပြောမိဘဲ သိမ်းထားမိတဲ့ စကား။ အိမ်ပြန်ချင်တယ် အမေ။ အယူအဆတွေ အတွေးအခေါ်တွေ မျှော်လင့်ချက်တွေ အိမ်မက်တွေ အားလုံးကို ဖွင့်အသွန်ချလို့ရတဲ့နေရာ …. ချစ်ခင်တဲ့သူတွေ ရှိတဲ့နေရာ….. ချစ်ခင်နွေးထွေးမှုကို မကွယ်ဝှက်တမ်း ပြတဲ့နေရာ …. နားလည်ပေးတဲ့သူတွေရှိတဲ့နေရာ ….. တစ်ယောက်ရဲ့အယူအဆကို တစ်ယောက်က မရှုံ့ချဘဲ လေးလေးစားစား ငြင်းခုံကြတဲ့နေရာ။

အဲဒီနေရာ … ငါ့ရဲ့အိမ်ဟာ ရန်ကုန်မြို့ဟုတ်ချင်လဲ ဟုတ်မယ် မဟုတ်ချင်လဲ မဟုတ်ဘူး။ အဲဒီနေရာဟာ သွေးသားတော်စပ်တဲ့ မိသားစုဝင်တွေ ရှိတဲ့နေရာလဲ ဟုတ်ချင်မှလဲ ဟုတ်လိမ့်မယ်။ ဒါပေမယ့် စိတ်ထဲရှိသမျှ ဖြူစင်ပွင့်လင်းလို့ရတဲ့နေရာ … အဲဒီနေရာကို ……

အဲဒီနေရာကို ပြန်ပို့ကြပါ။ လိုအပ်ချက်တွေ … လုပ်သင့်တာတွေ …. တာဝန်နဲ့ ၀တ္တရားတွေ ဒါတွေအားလုံးကို ငါ့ပုခုံးပေါ်က ပစ်ချလို့ နွေးထွေးတဲ့နေရာလေးကို ငါတစ်ခေါက်တော့ ပြန်ရောက်ချင်ပြီ။

အေးတိအေးစက် အသိဥာဏ်တွေနဲ့ အေးတိအေးစက်လူသားတွေ …. အဲဒီလူတွေနဲ့ ဝေးရာကို ခနလေးတော့ ပို့ပေးကြပါ။

ငါ့အတွင်းစိတ်က လှိုက်လှိုက်လှဲလှဲ တောင်းဆိုသမျှကို ငါကိုယ်တိုင်ကပဲ ရက်ရက်စက်စက် ပယ်ချခဲ့တယ်။ မုန်းလိုက်တာ … အဲဒီလောဘစိတ်တွေ …. အဲဒီ ကိုယ့်ကိုယ်ကိုယ် ပြန်ဘောင်ခတ်ထားတဲ့ စိတ်တွေ …. မီးလို လောင်မြိုက်နေတဲ့ လိုအင်ဆန္ဒတွေရဲ့ မောင်းနှင်ရာကို ဘယ်အထိများ ဆက်သွားရဦးမလဲ။

ဒီလိုနဲ့ပဲ တစ်နေကုန်လို့ တစ်မိုးချုပ်ခဲ့ပြီ။ ငါကတော့ အိမ်ပြန်မရောက်နိုင်ခဲ့သေးဘူးကွယ်။

Monday, November 28, 2011

မုတ်သုန်

နိုဝင်ဘာလရဲ့ နောက်ဆုံးအပတ်ညနေခင်းဟာ ပန်းရောင်သန်းတယ်။ ရုံးကနေ အိမ်အပြန်လမ်းမှာ အ၀ါရောင် လယ်ကွင်းပြင် ၊ အဲဒီအပေါ်က မြူလွှာပါးပါး၊ ပြီးတော့ ပန်းနုရောင် ကောင်းကင် ….. ဘယ်ဆီဘယ်ဝယ် မျှော်ရီ တမ်းတတဲ့ အတွေးစတွေနဲ့ …. အေးစိမ့်နေတဲ့လေနဲ့ အရာအားလုံးဟာ နေထိုင်ကြီးပြင်းခဲ့ရာ နေရာနဲ့ တခြားစီ ဝေးနေတယ် ဆိုတဲ့ အသိဟာ နှလုံးသားကို ဆွတ်ပျံ့စေတယ်။

အိမ်ဘေးမှာ သစ်ပင်အကြီးကြီးတွေနဲ့ လမ်းကလေးရှိတယ်။ မိုးတွင်းဆို မိုးများလွန်းတဲ့ ဒေသမှာ အိမ်ဘေးက လမ်းကလေးကို အညောင်းအညာပြေ လမ်းလျှောက်ဖို့ မတွေးမိခဲ့ဘူး။ ခုတော့ ခြေခင်းလက်ခင်း သာတဲ့ ညနေတွေဆို သစ်ပင်အုပ်အုပ် နဲ့ လမ်းကလေးကို ငေးကြည့်တတ်ပြီ။ လှပါလားလို့ ခံစားတတ်ပြီ။ ပြီးတော့ မိုးဥတုရဲ့ နှောင်းပိုင်းနေ့တွေ ကုန်လွန်သွားပါပေါ့လားလို့လဲ တွေးတောတတ်ပြီ။

ရောက်ရောက်ချင်း နေသားမကျမှုတွေနဲ့၊ ဝေးကွာနေသူကို သတိရမှုတွေနဲ့ တစ်မိုးတွင်း ကုန်သွားတာကို သတိမထားဖြစ်ခဲ့ဘူး။ စိမ်းစိုနေတဲ့ သစ်ပင်တွေကို မမြင်မိခဲ့ဘူး။ မြေသင်းနံ့ ငွေ့ငွေ့ကို မခံစားမိခဲ့ဘူး။ မိုးရာသီ အငွေ့အသက်တွေ ပျောက်ကွယ် သွားတော့မှပဲ နှုက်ဆက်သွားတဲ့ မုတ်သုန်ကို လွမ်းမိတယ်။

အခုတလော ဘေးချင်းကပ်ရက် ရုံးမှာ တခြားအဖွဲ့အစည်းတွေမှာ အပြောင်းအလဲတွေ ဖြစ်ကြတယ်။ အရင် ရာထူးကိုပဲ ပြန်လျှောက်ရမယ့်သူနဲ့ …. လက်ရှိလုပ်နေတဲ့ နေရာ မရှိတော့ဘဲ နောက်နေရာ အသစ်ကိုပဲ ပြန်လျှောက်ရမယ့်သူနဲ့ …. ခနတာ ခွဲခွာဖို့ ပြင်ဆင်ရတဲ့ အချိန်ရောက်လာပြန်တယ်။ ပြန်လာဖို့လဲ ၁၀၀ ရာနှုန်းမသေချာဘူးဆိုတော့ ပြန်လာဖြစ်ကြပါစေလို့ ရင်ထဲက ဆုတောင်းပါတယ်။

၇လ ၈လ နီးပါး အိမ်နဲ့ဝေးတဲ့ နယ်အစွန်အဖျားမှာ အတူတူနေခဲ့တဲ့ သံယောဇဉ်ဟာ အခုအချိန်မှာ ရင့်မှည့်နေပြီ ဆိုတဲ့ အကြောင်း သံချောင်းခေါက်တယ်။ အယူအဆ တူတာ မတူတာရှိခဲ့၊ အဆင်ပြေတာ မပြေတာတွေ ရှိခဲ့လည်း သွေးမတော် သားမစပ်သူအချင်းချင်း အဆင်ပြေပြေ နေခဲ့ကြတာ ….. အိမ်လွမ်းသူချင်း အဖော်ပြုခဲ့ကြတဲ့ သူတွေ ပြန်တော့မယ်ဆိုတော့ မိသားစု တစ်ယောက်လို ၀မ်းနည်းတယ်။

မြန်မြန်ပြန်လာပါ အန်တီ။ အလုပ်အသစ်သွားမယ်ဆိုရင်လဲ ပိုပြီး အဆင်ပြေ ချမ်းမြေ့ပါစေ။ စစတွေ့ချင်း အန်တီ့စကား နားထောင်ရတာ နားညည်းတယ် ထင်ခဲ့ပေမယ့် အခုတော့ အန်တီနဲ့ နေ့တိုင်းစကားမပြောရရင် မနေတတ်တော့လို့ပါ။

မနေ့က တနင်္ဂနွေ ….. မီးဖို တစ်ဖိုကို တာဝန်ယူပီး လက်စွမ်းပြလိုက်တာ ၀က်အူချောင်း အလှီးမှာ ဒါးထိပါလေရော။ ဒဏ်ရာက လက်ညိုးမှာ ပုစိကွေးလောက် ထိပေမယ့် ရုံးတက်ရတော့ ပလာစတာ ကပ်ထားတဲ့ လက်က ကီးဘုတ်မရိုက်နိုင်ဘူး။ ဒီတော့မှပဲ လက်ညိုးတစ်ချောင်း အသုံးဝင်ပုံကို နားလည်တော့တယ်။ ဒါတောင် လက်ထိပ်ကလေးတင် ထိလို့ ဒီလက်ညှိုးသာ ဒီပုံ ဆက်ဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ မတွေးတတ်ဘူး။

နောက်တခါ မုတ်သုန် ရောက်လာရင် သေသေချာချာ အလေးထားပါ့မယ်။ နောက်တကြိမ်ဆိုတာအထိ ဒီအသက် ဒီခန္ဓာ ရှိနေသေးတယ် ဆိုရင်ပေါ့လေ။

Saturday, October 22, 2011

Fruit Ninja



ညီမလေးဆီက ipod လေး ခန ယူသုံးရင်းနဲ့ Fruit Ninja ဆိုတဲ့ အသီးတွေ ခွဲရတဲ့ ဂိမ်းလေးကို ခုတလော စွဲစွဲလန်းလန်း ကစားဖြစ်နေပါတယ်။

သွားလေသူ ပန်းသီးချစ်သူကြီးရဲ့ ipod ထဲက ဂိမ်းဆိုပေတော့ လှကလဲလှ ကစားလို့လဲ ကောင်း … စိတ်ညစ်တာ စိတ်ပျော်တာ အကုန်မေ့သွားအောင် ကျမကတော့ ဒီဂိမ်းလေးကို ချစ်ပါတယ်။

Touch screen ဆိုတာလဲ အခုမှ ပဲ ပထမဆုံး လက်နဲ့ ပွတ်ဆွဲဖူးတာမို့ (အရင်ကတော့ မြင်ဖူးရုံပေါ့လေ) သဘောတွေ တကျကျနဲ့ အချိန်လေးအားတာနဲ့ အသီးခွဲတဲ့ ကိစ္စမှာပဲ ၀ါယမ စိုက်ထုတ်မိနေပါတယ်။


အသီးလေးတွေ ခွဲရတာ ပျော်ဖို့ ကောင်းပါတယ်။ စိတ်လည်း ချမ်းသာပါရဲ့ … design လေးကလဲ လှမှလှပါပဲ။ ဖရဲသီး လိမ္မော်သီး ပန်းသီး စတော်ဗယ်ရီ အသီးစုံ အသီးလှလှလေးတွေကို လက်နဲ့ ရွှတ်ခနဲ ပွတ်အဆွဲမှာ ရွှမ်းခနဲ ရွှမ်းခနဲ အသီးတွေကွဲသွားတာ ကျမတော့ သိပ်ပျော်တာပါ။ သူ့ဂိမ်းက အလာကြီးပါ …. အသီးတွေ ရွှမ်းခနဲ ကွဲသွားရင် screen မှာ ဖတ်ခနဲ ကွဲသွားတဲ့ သစ်သီးတွေက အရည်တွေ ပါ စိုသွားတဲ့ပုံစံ … ဥပမာ ဖရဲသီးတွေကို ရွှတ်ခနဲ ရွှတ်ခနဲ ခွဲလိုက်ရင် ဖရဲသီး အနီရောင် အရည်တွေက screen မှာပါ ဖတ်ခနဲ ဖတ်ခနဲ ကပ်သွားတာပါ မြင်ရသေးဆိုတော့ …. မမြင်ဖူး မူးမြစ်ထင် ပဲ ဆိုဆို … ကျမ အတွက်တော့ သစ်သီးခွဲနေရရင် ကမ္ဘာလောကကြီးကို မေ့နေသလိုလို။


စစကစားချင်းကတော့ အသီးလှလှလေးတွေကို ခွဲနေရရင်ပဲ ပျော်နေတာပါ … တခါတလေ သုံးလေးလုံး တစ်ခါထဲ တစ်ချက်ထဲနဲ့ ခွဲနိုင်ရင် သိပ်သဘောကျ … တက်လာတဲ့ အသီးလေးတွေ တစ်တန်းထဲ ဖြစ်အောင် အချိန်စောင့် …. ပြီးတော့ လက်နဲ့ တစ်ချက်ထဲ ရွှတ်ခနဲ ပွတ်အဆွဲမှာ ရွှမ်းခနဲ ကွဲသွားတဲ့ သစ်သီးလေးတွေ အရသာခံကြည့် …. အဲ့လို လှလှပပလေးနဲ့ အလုံးများများ တခါထဲ ခွဲနိုင်အောာင်လဲ စိတ်ရှည် သည်းခံ စောင့်တတ်ပြီ။ အဲ နည်းနည်းလေး ကစားသက် ကြာလာတော့ အမှတ်ဆိုတာလေးပါ လိုချင်လာပါရော။ အသီးလေးတွေကို ပညာကုန်သုံးပြီး လှတပတလေး ခွဲနေရတာနဲ့တင် အားမရတော့ပါဘူး … လောဘက တက်လာပါပြီ။ တဆင့်ပီးရင် အမှတ်ဘယ်လောက်ရလဲဆိုတာလဲ ကြည့်ဖို့ စိတ်ထဲ ရှိလာပါပြီ။

ဒီလိုနဲ့ တစ်ပွဲပြီး တစ်ပွဲပြီးလာတော့ အမှတ်နည်းတဲ့ ပွဲတွေဆို စိတ်က မကျေနပ်ချင်တော့ဘူး။ နောက်တစ်ပွဲကျ များများရအောင် ခွဲမှလို့ တွေးရင်း အသီးတွေကို လောဘတကြီး နဲ့ ထိုင်ထိုင်ခွဲဖို့ပဲ အချိန်ရတိုင်း စဉ်းစားနေမိတော့တာ။ ထမင်းစားဆင်းလဲ အသီးခွဲဖို့ နေ့ခင်း tea time လဲ အသီးခွဲဖို့ ညနေ ဖယ်ရီပေါ်လဲ အသီးခွဲဖို့ ည မအိပ်ခင်လဲ အသီးခွဲဖို့။

ဒီလိုနဲ့ တစ်ရက်မှာတော့ ဥာဏ်ကြီးရှင် ကျမ အကြံရတာက အသီးတွေကို အမှတ်အများဆုံးရတဲ့ ခွဲနည်းပါ။ ဒီ game ရဲ့ သဘောက အသီးတွေက touch screen ရဲ့အောက်ခြေကနေ အပေါ်ဘက်ကို မြောက်မြောက်ပြီး တက်လာတာပါ။ အဲ့လို မြောက်ပြီး တက်လာတဲ့ အသီးလေးတွေကိုမှ ဓားထက်ထက်နဲ့ ခွဲချလိုက်သလိုမျိုး လက်ကလေးနဲ အသာ ပွတ်ဆွဲလိုက်ရတာပါ။ ကဲ ဒီတော့ စာဖတ်နေသူတွေလဲ စဉ်းစားမိရောပေါ့ … အမှတ်များများရချင်တာများကွယ် …. ခက်ခက်လို့ …. အသီးလေးတွေကို screen အောက်ခြေကနေ အပေါ်ကို တက်ခွင့်မပေးတော့ဘဲ game စပြီ ဆိုတာနဲ့ screen အောက်ခြေမှာ လက်ညှိုးလေးထားပီး ဟိုဘက်ဒီဘက် non stop ပွတ်ဆွဲနေပေရော့ပဲ။

ငါ့နှယ်ကွယ် စောစောကသိရင် ပြီးနေပြီ …. ဒီလိုနည်းနဲ့ ဆော့လိုက်တာ တခါမှ မရဘူးတဲ့ အမှတ်တွေကိုပါ ရကရော …… အလျားလိုက် အမြန်ပွတ်ဆွဲရလွန်းလို့ လက်ထိပ်လေးတွေ နည်းနည်းပူတာကလွဲရင်ပေါ့လေ။

ကဲ ဥာဏ်ကြီးရှင် အသီးခွဲသူ … အသီးခွဲသက်လဲ ကြာပြီ … အမှတ်အများဆုံးရတဲ့ ခွဲနည်းလဲ သိပြီ ….. အမှတ်တွေ အများကြီးရတော့ ပျော်သလား။ ကိုယ့်ဘာသာ ပြန်မေးမိတဲ့ မေးခွန်းလေးပါ။ ဟုတ်ကဲ့ အဖြေက သိပ်ရှင်းပါတယ်။ ကျမ မပျော်ပါဘူး။

အမှတ်တွေများပါတယ် ဟုတ်ပါတယ် …… ဘာမှလဲ ခံစား စဉ်းစားနေစရာ မလိုပါဘူး ။ လုပ်ဖို့က တစ်ခုထဲပဲ … မြန်နိုင်သမျှ အမြန်နှုန်းနဲ့ တက်လာသမျှ အသီးတွေကို ဘာသီးလဲလို့ သိနိုင်တဲ့ အချိန်မရောက်ခင်လေးမှာတင် ကိစ္စတုံးလိုက်ဖို့။ ဒါပေမယ့် ဒါက အမှတ်များများရဖို့ပဲ အလုပ်ဖြစ်ပါတယ်။

ကျမ စွဲလန်းခဲ့ရတဲ့ အသီးလှလှလေးတွေ ရွှတ်ခနဲ ကွဲသွားတဲ့ မြင်ကွင်းကို အရသာခံ ကြည့်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

ဒီဂိမ်းမှာတော့ အလွန်ရိုးရှင်းပါတယ် … ချက်ချင်းလက်ငင်း အမှတ်များများ လိုချင်ရင် အသီးလေးတွေကို အနုပညာမြောက်စွာနဲ့ လှလှပပ ခွဲမနေနဲ့တော့ … အရသာခံပီး ပျော်ရွှင်နေမယ့် အချိန်တွေကို အမှတ်များများနဲ့ လဲလိုက်ရုံပါပဲ။

၁ခုရရင် နောက်၁ခုမရဘူး။

ကျမတို့နေ့စဉ် ဖြတ်သန်းနေတဲ့ဘ၀မှာရော …. ဒီတစ်ခု ပြီးရင် နောက်တစ်ခု … ဒီပန်းတိုင် ပြီးရင် နောက်ပန်းတိုင် တစ်ခုရယ်လို့ ပန်းတိုင်တွေကို ဇယ်ဆက်ပြီး ဖြတ်သန်းနေရတာ … နေရထိုင်ရတာ အရသာ ရှိပါရဲ့လား။ ကိုယ့်ဘာသာ ကိုယ့်ရင်ဘတ်ကို ပြန်မေးမိတဲ့ မေးခွန်းပါ။

ပန်းတိုင်မရှိရင် လမ်းပျောက်သွားမှာပေါ့ …. ဒါပေမယ့် အဲဒီ ပန်းတိုင်ဆိုတဲ့ အချိန်ကို မရောက်ခင် ဖြတ်သန်းနေရတဲ့ နေ့စဉ်နေထိုင်ဖြတ်သန်းတဲ့အချိန်တွေ အလုပ်လုပ်နေတဲ့ အချိန်လေးတွေကရော အရသာ ရှိရှိ နေဖို့ရာ မထိုက်တန်ဘူးလား တန်ဖိုးမရှိဘူးလား။

ကိုယ်နေထိုင်တဲ့ဘ၀ကို လှလှပပလေး စောင့်ကြည့်ဖို့တော့ လူဖြစ်လာရတာ ထိုက်တန်တယ်ထင်တာပါပဲ။

တစ်ခါထက်တစ်ခါ အမှတ်တွေပိုများလာအောင်တော့ ကျမတို့ ကစားရပါမယ် …. ဒါပေမယ့် အဲဒီလို များများလာတာဟာ ဒီဂိမ်းလေးကို အနုပညာမြောက်စွာ ကစားရင်းနဲ့မှ ရှာဖွေတွေ့ရှိလာမယ့် နည်းလမ်းအသစ်တွေ နဲ့ ပိုလို့များတဲ့ အမှတ်တွေကို ဆက်ယူသွားမယ်ဆိုရင် ဂိမ်းကစားရခြင်းဟာ ပိုလို့ အဓိပ္ပါယ် ရှိလာပါလိ့မ်မယ်။

အခြေအနေမပေးလို့ ချက်ချင်းလက်ငင်း အမှတ်များများရတဲ့ လမ်းကို ရွေးနေရပါတယ်ဆိုရင်လဲ တချိန်ချိန်မှာ ကိုယ့်နှလုံးသားက စေညွှန်ရာလမ်းကို လိုက်ဖို့ ကျမတို့ အချိန်စောင့်ကြတာပေါ့။