Tuesday, April 16, 2013

နှစ်သစ်ဆုတောင်း


ပိတောက်တို့ ဝေ၍ ကြွေခဲ့ပြီ။ ညှင်းသက်သော လေပြည်၊ အုံ့မှိုင်းသော မိုးကောင်းကင်နှင့် ညနေရီတွင် ရေကစားသူတို့ အိမ်ပြန်ချိန်တိုင်ခဲ့လေပြီ။ အရာရာ သစ်လွင်လတ်ဆတ်သော စိတ်နှလုံးဖြင့် အသစ်သောနှစ်ကို ကြိုဆိုရန် အသင့်ပြင်ဆင်မိပါသည်။
ယနေ့ညနေ ပဇ္ဇင်းတက်မည့် ဦးပဇ္ဇင်းလောင်းလျာကား ဘုန်းကြီးကျောင်းသို့ ရောက်ပြီ … မကြာခင် ဖုန်းဆက်ရန် မသင့်လျော်တော့၍ အဆက်အသွယ် မရမည့်ရက်များတွင် စိတ်ချပါရစေဟု အမှာပါး၏။ ချစ်ရသူ အမှာစကား စိတ်ချသာသွားပါဟု ဖုန်းထဲမှပင် ကတိပေးလိုက်ရပါ၏။ တောင်တစ်ယောက် မြောက်တစ်ယောက်ဘ၀တွေမို့ ဒီလိုသာ ဆက်သွယ်နိုင်တော့သည်။
ဦးပဇ္ဇင်းလောင်းလျာကို အိမ်မှ အတော်တန်ဝေးသော ကျောင်းသို့လိုက်ပို့၍ ကိစ္စပြီးသည်အထိ စောင့်မည့်သူကား ယခင်အလုပ်မှသိ၍ ယခုတိုင် ချစ်ခင်မြဲဖြစ်သော၊ မခွဲအတူတူ တပူးတတွဲတွဲဖြစ်သော၊ ဘရားသား ဟုသာ ချစ်စနိုးခေါ်သော အကိုကြီးဖြစ်ပါသည်။ ဘရားသားကား အင်းစိန်တွင်မွေး၍ ကြီးသော ကရင်ကြီးဖြစ်သည့်အားလျော်စွာ ခရစ်ယာန်ဧကန်ဖြစ်လေသည်။ တနင်္လာမှ စနေအထိ နေ့များတွင် ဘီယာဆိုင် တူတူထိုင်သော ဘရားသားသည် တနင်္ဂနွေတွင် မိန်းမတစ်ဖက်၊ သမီးလေးတစ်ဖက် လက်ဆွဲ၍ ဘုရားကျောင်းသွားသည်မှာ အမြဲပင်။
နိုင်ငံရေးရေချိန် မြင့်သည်ဟု ဟိုတလောက မည်သူမှတ်ချက်ချသည်မသိ ချသွားသည့် ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာကြီးသည့် ကိုယ်တွေအဖို့ နိုင်ငံရေးတော့ကိုယ်မသိ၊ မတူပေါင်းစည်းနေထိုင်ရေး ရေချိန်တော့ အတော်မြင့်သည်ကို သတိထားမိပါသည်။ အထက်တန်းပြီး၍ တက္ကသိုလ်ရောက်သည့်အခါ ကိုယ့်ဘေးတွင် ထိုင်သော မိန်းကလေး က ခရစ်ယာန်ဖြစ်ကာ ကိုယ့်အနောက်က ၂ ယောက်က တော့ အစ္စလာမ်ဘာသာဝင်များ ဖြစ်လေသည်။ ဆယ်တန်းအောင်သည်မှ ယခုအချိန်ထိ ပေါင်းသင်းသော သူငယ်ချင်း လက်ချိုးရေရသောအထဲမှာ အချစ်ရဆုံး သူငယ်ချင်းတစ်ယောက်မှာ ရိုမန်ကတ်သလစ် ဘာသာဝင်ဖြစ်၍ နောက်တစ်ယောက်မှာ အဖေ ဗုဒ္ဓဘာသာနှင့် အမေက ခရစ်ယာန်ဖြစ်လေသည်။ တခါ ထိုသူငယ်ချင်းအိမ်သို့ သွားအလည် အနောက်တွင် ဦးပဇ္ဇင်းတစ်ပါး ဆင်းလာသည်ကို ကိုယ်ကမမြင်၊ သူက မြင်ကာ ကိုယ့်ကို လမ်းဖယ်ပေးခိုင်းဖူးလေသည်။ ဗိုလ်တစ်ထောင်ဘုရားသို့ သူငယ်ချင်းအုပ်စုလိုက်ဘုရားဖူးသွားလျင် သူပါမြဲဖြစ်၍ သူသွားရာ ဘုရားကျောင်းဝင်းထဲတွင် သူ့ကို ကိုယ်တို့စောင့်နေကြလည်းဖြစ်သည်။ တက္ကသိုလ်ရောက်သည့်အခါလည်း မိန်းကလေးများနားနေခန်းတွင် အခါအားလျော်စွာ ဘူခါး ဟုခေါ်မလား ခေါင်းမြီးခြုံ၍ကျောင်းတက်သော သူငယ်မလေးများ သူတို့ဘာသာအလျောက် ဘုရားဝတ်ပြုသည်ကိုလဲ ကြုံဖူးပေါင်းများလှပေပြီ။
ထိုထိုသော သူငယ်ချင်းများ၊ ကျောင်းနေဖက်များနှင့်ကိုယ်တို့သည် တစ်ယောက်ကိုတစ်ယောက် သြော်သူဟာ တခြားဘာသာဝင်တစ်ယောက်ပါလားရယ်လို့ ခွဲခြားမြင်မိခြင်း အလွန်နည်းကြောင်း အခွင့်သင့်၍ ပြောလိုပါသည်။ ကျောင်းပြီး၍ အလုပ်ထဲ ၀င်စတွင် သူတို့ဘာသာဝင်ရောင်းချသောဆိုင်မှလွဲ၍ ကျန်တာမစားသော၊ ကိုယ်တို့နှင့်အတူတူ လိုက်ထိုင်လျင် ကိုယ်တို့ဆီက ရေပင်မသောက်သော လုပ်ဖော်ကိုင်ဖက် မိန်းကလေးတစ်ယောက်လဲ ရှိဖူးသည်။ သူသည် ခေါင်းမြီးမခြုံဘဲ ကိုယ်တွေလိုသာ ၀တ်ဆင်သော်လည်း သူ့ယုံကြည်ချက်နှင့်သူ။ သို့သော် ကိုယ်တွေ သွားရာနောက်လည်း မလိုက်ဘဲ မနေနိုင်သည်မို့ သူ့ရေဘူးနှင့် မုန့်ဘူးကိုကိုင်ကာ အနောက်က လိုက်ရှာသည်။ ကိုယ်တွေက ကြိုက်ရာဆိုင်ထိုင် စားသောက်နေစဉ် သူက သူ့ရိက္ခာနှင့်သူ … တခါတလေ သူ့ကိုပါ တကူးတက စားစေချင်သော မိတ်ဆုံစားပွဲလို လုပ်ရင် ပန်းသေးဆိုင် တစ်ဆိုင်ဆိုင်သို့ သွားကြသည်။ ဒီလိုနဲ့ပဲ အဆင်ပြေပြေနေလာကြသည်မှာ အဲဒီအလုပ်က ထွက်လာစဉ်အချိန်အထိပင်။
အယူဝါဒမှိုင်းအမျိုးမျိုးတွင် လူမျိုးရေးနှင့်ဘာသာရေး ကို ခုတုံးလုပ်၍ ကိုယ်လိုချင်ရာ အမြတ်ထုတ်ရန် ကြိုးစားကြသည်များကို အသက်ကြီး၍ ရန်ကုန်မှခွာကာ မြန်မာပြည်အနှံ့ ခြေဆန့်ကြည့်တော့ အံ့သြစွာ တွေ့ရသည်။ ၀ါဒမှိုင်းကား အချို့သော ဦးနှောက်တို့ကို ၀ါးမျိုကုန်လေပြီ။ ဒေသစွဲနှင့် ပြောသည်ပဲဆိုဆို  ကိုယ်ကတော့ ရန်ကုန်ကိုသာ သတိရပါသည်။ လူအချင်းအချင်းခွဲခြားခြင်းကင်း၍ ပွင့်လင်းစွာ လူ့ဘောင်လူက အကျိုးကို ပိုမိုသယ်ပိုးနိုင်ကြပါစေဟု ဆုတောင်းရင်း ခေတ္တကွန်းခိုရာ မြန်မာပြည်မြောက်ပိုင်း တနင်္ဂနွေနေ့တိုင်း ဆိုင်တွေပိတ်သော နေရာတစ်ခုမှနေ၍ ရန်ကုန်ကိုသာ နင့်နေအောင် လွမ်းရပါတော့သည်။