
ချစ်ရသူတွေနဲ့ ရေမြေခြားတယ်။ နိုင်ငံတော့ မခြားပါဘူး။ တောင်တွေ ကာရံထားတယ်။ မနက်ရုံးတက်တိုင်း တောင်တွေကို မြင်ရတာ စိတ်ချမ်းသာတယ်။ ဘ၀မှာ တကယ်လိုအပ်တာ ဘာလဲ တွေးမိတယ်။ တွေးမိတိုင်းလဲ တရားထိုင်ဖို့ စဉ်းစားတယ်။ စဉ်းစားတိုင်း နောက်တစ်နေ့မနက်မှ လို့ အချိန်ဆွဲတယ်။ မနက်ရောက်တော့ ထုံးစံအတိုင်း အပြေးအလွှားအိပ်ယာထတယ်။ ဘုရားတောင် မရှိခိုးနိုင်တော့ဘူး။
တဖြည်းဖြည်းနဲ့တော့ အလုပ်နဲ့ နေသားကျလာပြီ ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဥာဏ်ရည် ဒီလောက်ပဲ ရှိမှန်းသိရင် ငယ်တုန်းက တခြားဝါသနာ ပိုပါတာ ပြောင်းလုပ်ပါတယ်။ အခုတော့ အလုပ်အသစ် ပြောင်းတိုင်း struggle လုပ်ရတယ်။ သူများတွေ အတွက် ထမင်းစားရေသောက် ကိစ္စက ကိုယ့်အတွက် ခက်ခဲနေတယ်။ ဘယ်တတ်နိုင်မလဲ ..... မမှီမကမ်း တွေးခေါ်စဉ်းစားပြီး တတ်နိုင်သမျှ လုပ်ပါတယ်။
စာရေးချင်တယ်လို့လည်း ခနခန တွေးမိတယ်။ ဒီလိုစာမျိုးပဲ ချရေးတတ်တော့ခက်သား။ အက်ဆေးမဖြစ်တဖြစ်၊ ကဗျာလိုလိုတွေလဲ ရေးဖို့တော်တော်ခက်နေတယ်။ ကဗျာဘက်တော့ ပါရမီ နည်းနည်းပါတယ် ထင်ပါတယ်။ ဒါလည်း မရေးဖြစ်တာ ကြာပါပြီ။ ဟိုအရင်တခါ အသည်းအသန် အသဲကွဲတုန်းက နောက်ဆုံးရေးဖြစ်တယ်။ ခုတော့ ချစ်သူကလည်း စိတ်ချမ်းသာအောင် ထားပါတယ်။
အခုရေးတဲ့ပုံစံက တစ်ယောက်ယောက်နဲ့များ ဆင်တူနေမလား။ တူနေရင်လည်း ဖတ်ပါများ လို့ တူသွား တယ်လို့ မှတ်ပေးကြပါ။ စိတ်ထဲရှိတာချရေးရလို့ စိတ်ချမ်းသာပါတယ်။ ဒါကြောင့် သူများတွေ ဒီလို ရေးကြတာပဲလို့ ခုသဘောပေါက်ပါတယ်။
No comments:
Post a Comment
Comment :) :) :)