Wednesday, August 20, 2014

အသက်ရှူ ပါ



















 သောကတွေ ဒေါသတွေပြေပျောက်ဖို့
အကောင်းဆုံးက အသက်ရှူ ပါ
လေအေးအေးလေးကို ရှူ သွင်းလိုက်
ပူပင်မှုတွေ ပြန်ရှူ ထုတ်လိုက်
အရှည်ကြီးရှူ သွင်း …. ပီးတော့ အရှည်ကြီး ပြန်ရှူ ထုတ်
အသက်ရှူ ခြင်းဟာ သဘာဝတရားပဲ
ငြိမ်းအေးမှုဟာ သဘာဝထဲမှာရှိရဲ့
လက်မလေးနဲ့ ညာနှာခေါင်းကိုပိတ် ဘယ်နှာခေါင်းကနေ ရှူ သွင်းလိုက်
ညာဖက်ကနေ ပြန်ရှူ ထုတ် …. ပြီးတော့ ပြန်ရှူ သွင်း …. ဘယ်ဖက်က ပြန်ထုတ်
ဘယ်နဲ့စခဲ့ရင် ဘယ်နဲ့ဆုံး
လောကထဲ အမုန်းအာာတ မီးတောက်တွေ စမိရင် မဆုံးနိုင်ခဲ့ခြင်းတွေ
မေ့ထားလိုက် …. အသက်ကို ဖြေးဖြေးလေးလေး အေးအေးဆေးဆေးရှူ
မျက်လုံးကိုဖွင့်ကြည့်ရင် လောကရဲ့ သူ့နဂိုအတိုင်းတည်ရှိမှုကိုမြင်ရမယ်
ကောင်းကင်ပြာ သစ်ပင်စိမ်း ငြိမ်းအေးတဲ့စိတ်နဲ့ကြည့်ပါ
အဆင်မပြေ စိတ်ပင်ပန်းမှုတွေ … အားလုံးကို ရပ်
ပြီးတော့ …..  အသက်ရှူ ပါ။


image from http://uncw.edu/counseling/inharmony/gettinginto.html

Wednesday, July 16, 2014

စိတ်အေးလက်အေး စာစီစာကုံး


လူအချင်းချင်း အလွန်မတန်လွယ်ကူစွာဆက်သွယ်နိုင်သော ခေတ်ကြီးတွင် ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် ပို၍ ဝေးကွာသွားကြသည်။

မိုးရွာပြီးစ ညို့မှိုင်းစွတ်စိုလေထုအောက်တွင် စာကလေးတစ်အုပ် ဓါတ်ကြိုးတန်းများပေါ်တွင် စိတ်အေးလက်အေး။

စာကလေးများသည် ဖေ့ဘွတ်မသုံးတတ်သောကြောင့် လူများကဲ့သို့ ဓါတ်ကြိုးကိုကြောက်ရန်မလို။

စာကလေးများသည် ဥာဏ်မသုံးတတ်သောကြောင့် တစ်နေ့ ၈ နာရီ ဘ၀ကို ပိတ်လှောင်ရန်မလို။

ထို့ကြောင့် စာကလေးများသည် စိတ်အေးလက်အေး။

ညလယ်ခေါင်တွင် မိုးသည်ဖြုန်းကနဲရွာလေရာ စိတ်အေးလက်အေးမဟုတ်သော အိပ်စက်ခြင်းမှ ဆတ်ခနဲလန့်နိုးလေသည်။ လန့်နိုးသည်ပင် ခပ်ကောင်းကောင်း။ အိမ်မက်ထဲတွင် သူငယ်ချင်းအရင်းကြီးတစ်ယောက်မှ ပိုက်ဆံချေး၏… နောက်တစ်ယောက်က သူ့ညီမင်္ဂလာဆောင် လက်ဖွဲ့ကို Bank Account ထဲလွှဲပေးဟုဆိုသည်။ တကယ်တော့ ၂ယောက်စလုံးအခြေအနေက ကိုယ်မယှဉ်သာအောင် မြင့်သောသူတွေ။ အိမ်မက်သည် စိုးရိမ်ပူပန်ခြင်းများကို အသွင်ပြောင်း၍ ကပေါက်တိကပေါက်ချာပင် စိတ်မအေးလက်မအေး မက်လေသည်။

တီဗွီမှ အလကားရသောလိုင်းများသည် စိတ်ကို အကြားအလပ်မရှိဖျော်ဖြေမှုပေးရန် အစီအစဉ်များ တစ်ခုပြီး တစ်ခု လွှင့်လေသည်။ ဦးနှောက်ကား စဉ်းစားရန်အချိန်မရှိ။ ပြသမျှကြည့်၍ မြင်သမျှမှတ်ရန်သာ။
စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နှင့် စဉ်းစားတွေဝေငေးမောခွင့်အတွက် ပေးလိုက်ရမည့်အချိန်တို့သည် ယနေ့ခေတ်တွင် ပိုတန်ဖိုးကြီးသွားခဲ့သည်။

ဥာဏ်ကောင်းသောလူသည် ကြောင့်ကြခေတ်သိမ်းကင်းငြိမ်းသောဘ၀ကို ဖန်တီးသောကြောင့် အချိန်နှင့်အမျှပြေးလွှားနေရပါသည် ….. ဥာဏ်ကောင်းသောကြောင့် ခြေထောက်သုံးရန်မလို … ကားများ ရထားများ လေယဉ်များကို စီး၍ ပြေးလွှားနေရသည်။ အိမ်မှာထိုင်နေ၍ စိတ်ကို အချိန်နှင့်အမျှပြေးလွှားခိုင်းထားသည်။ ခလုပ်တစ်ချက်ချင်းစီ နှိပ်၍နှိပ်၍ ဥာဏ်ကောင်းသောလူကလေးများကို ပြေးလွှားခိုင်းသူများလညှ်းရှိသည်။

ခလုပ်နှိပ်သူများ စိတ်အေးလက်အေးရှိပါလေစွ။ ကမ္ဘာတစ်ဖက်ခြမ်းမှ လိပ်ပြာကလေးတောင်ပံခတ်သည်မှာမူ သူ့သဘာဝဖြစ်၍ စိတ်အေးလက်အေး ဖြစ်နေပါလိမ့်မည်။

Wednesday, July 9, 2014

What I Have Learned Today : Synchronizing with picture in Excel 2010

MS Office Application တွေဖြစ်တဲ့ Word တို့ Excel တို့မှာ picture အနေနဲ့ copy paste လုပ်လို့ရတာလေးက တော်တော်အသုံးဝင်ပါတယ်။ ကိုယ်ကော်ပီကူးချင်တဲ့ နေရာလေးကို copy လုပ် ပီးရင် Right click နှိပ် Other Pase Option အောက်မှာ picture ပုံလေးနဲ့ Paste as picture ဆိုရင် ရပါပြီ။ Office 2007 မှာဆိုရင်တော့ Home tab အောက်က Clipboard group ပေါ်က Paste အောက်မှာမှ ရှိပါတယ်။ ဒါက လူတိုင်းသိပီးသားလို့ထင်ပါတယ်။

ကိုယ့်အတွက် ပိုအသုံးဝင်အဆင်ပြေစေတဲ့အပိုင်းလေးက ခုမှလာတာပါ။ မူရင်းနေရာမှာ ပြင်ဆင်သမျှဟာ အဲဒီကော်ပီကူးပီးသား picture ပုံလေးမှာပါ လိုက်ပြောင်းအောင်လုပ်ဖို့ပါ။ Excel 2010 မှာပဲရပါတယ်။ 2007 version မှာ စမ်းကြည့်တာ မရပါဘူး။

အောက်က ဥပမာမှာ ကြည့်ကြည့်ပါ။ ပုံ(၁)က မူရင်းဒေတာ … ပုံ(၂)က ပုံ(၁)ကို picture file အနေနဲ့ ကော်ပီကူးလိုက်တာ။ 



ပုံ(၁) မူရင်းဒေတာမှာ ပြောင်းလဲသမျှ ပုံ(၂)မှာပါ လိုက်ပြောင်းအောင် လုပ်ချင်တယ်ဆိုရင် ပုံ(၂)မှာ ကလစ်ထောက် … ပြီးရင် Formula bar မှာ = ရိုက်ပြီး မူရင်းဒေတာ ရှိတဲ့ cell အားလုံးကို ရွေးလိုက်ရင် =A1:E6 လို့ bar မှာပြပါမယ်။ 



ကဲ မူရင်းဒေတာ ရှိတဲ့cell တွေမှာ ပြောင်းချင်သလိုပြောင်းပေတော့ …. အပ်ချလောင်း Picture file မှာပါ လိုက်ပြောင်းသွားပါပြီ။ သူ့ရဲ့သဘောက A1:E6 Range အတွင်းမှာ ဘာလုပ်လုပ် ဟိုဖက်ပုံမှာ လိုက်ပြောင်းတာပါ။


ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲဆိုရင် source data ကို တစ်နေရာမှာထားပီး picture table ကို တစ်ခြားတစ်နေရာမှာ ပြတာမျိုးအတွက်အဆင်ပြေပါတယ်။ ကျန်တဲ့ user တွေက data ကို မှားနှိပ်မိလို့ဖြစ်ဖြစ် အလွယ်တကူ ပျောက်တာ ပျက်တာ မဖြစ်တော့ဘူးပေါ့။  ကိုယ့်ရှေ့က ဆရာသမားလုပ်သွားတဲ့ dashboard တစ်ခုမှာတွေ့လို့ လိုက်စမ်းကြည့်ရင်း သိလာတာပါ။ အွန်လိုင်းမှာလဲ သူများတကာ ရှဲထားတာရှိမှာပါ။ 

တကယ်ဆို ဒီဟာ စမ်းပြီးသိထားတာ နည်းနည်းကြာပြီ။ ချရေးဖို့ စိတ်လိုလက်ရ မရှိသေးတာနဲ့ မရေးဖြစ်တာ :)

အခုတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိလို့ ရေးလိုက်ပါတယ်။

Sunday, May 11, 2014

Quick Update

တော်ဝင် စင်တာ Vincci (ဒီလိုပေါင်းတယ်ထင်တာပဲ) မှာ ဖိနပ်တွေ ဒစ်စကောင့်ချ ... ၅၀% များ ၇၀% ရှိ သိပ်မလှ ... ဒေါက်လှလှလေးများ ဖိနပ်အပါးအပိတ်လေးများ ၂၀% ချ ... ၂ ရံဝယ်ခဲ့ ... ရန်ကုန်တွင်ကျန်ခဲ့ (နောက်မှ ထပ်ပုံရိုက်တင်မည်)
Next မှ အကျီ ၂ ထည်ရ ... တော်တာတွေ့လို့ အလွန်ပျော် ... ပေါင်ဒါလည်း ၀ယ်ရင်းနဲ့ ၂ဗူးဖြစ်သွား ... တော်ဝင်သွားရင်း NSKS ဆိုင်မှ အကျီ ၂ထည်ပါလာသေး (ဒီတစ်ပါတ် ၂ နဲ့ အကျိုးပေးသည်)
ပိုက်ဆံတွေတော့ ကုန်ပီ။ eye candy ဓါတ်ပုံလေးများ နောက်မှ တင်မည်။ ဖိနပ်ဒစ်စကောင့်ချတာများ ဖဘမှာရေးပေါ့။ မရေးချင်၍ ဒီမှာရေးသည်။ ဘယ်သူမှမဖတ်ရာ ဘယ်သူမှ မသိ ... ကောင်းလေသည်။


Thursday, April 10, 2014

Holiday Mood



စိတ်ကို အစာကျွေးဖို့ လာမယ့်ပိတ်ရက်မှာ စာများများဖတ်ဦးမယ်။ အခုတလော ဖတ်ဖြစ်နေတာ အလုပ်နဲ့ဆိုင်တဲ့ စာတွေပဲများနေလို့ စိတ်သိပ်မကျန်းမာဘူး။ ဒီ့ထက် စိတ်ကျန်းမာဖို့ ကတော့ အေးချမ်းတဲ့အချိန်လေးတစ်ခု သတ်သတ်မှတ်မှတ်ယူပြီး စိတ်မှာတင်တဲ့အညစ်အကြေးတွေကို ပြန်လည်ဆေးကြောသန့်စင်ဖို့ ကြိုးစားရဦးမယ်။
တခြားအရာတွေထက် ပျောက်သွားတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖို့က ပိုပြီးခက်ခဲမယ်ထင်တယ်။

တစ်နေ့ထက်တစ်နေ့ အကျိုးရှိရှိပဲနေချင်တယ်။ အချိန်တွေကုန်သွားတာကို ကြီးလာတော့ ပိုနှမြောတတ်လာတယ်။ အကျိုးရှိတဲ့စကားတွေပြောပြီး အကျိုးရှိတဲ့အလုပ်တွေလုပ်ရင်း စိတ်ဓါတ်ရင့်ကျက်လာစေမယ့် ပါတ်ဝန်းကျင်မှာပဲနေချင်တယ်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကလေးတွေကို အာရုံစိုက်လုပ်နိုင်ပြီး အေးအေးချမ်းချမ်းလေး ကုန်ဆုံးချင်တယ်။ 

ဇွဲကပင်ခန်းမဘေး 
ရုံးခန်းထဲက နှင်းဆီပန်း
အထုပ်တွေ ရုံးသယ်လာပြီး ဒီညနေ အိမ်ပြန်ဖို့ အဆင်သင့်ပဲ။ ကိုယ့်စိတ်ဟာ ထူးဆန်းတယ်။ အရင်က အိမ်ပြန်လာခါနီးတိုင်း ပျော်တယ်။ အခုတော့ ပျော်တယ်လည်း မဟုတ် မပျော်ဘူးလည်းမဟုတ်။ အိမ်ဟာ ပြန်ချင်တဲ့အချိန်တိုင်း ပြန်လို့ရနေတာကိုး။
ပိတောက်တွေတော့ မမြင်ရသေးပေမယ့် .... လာမယ့် နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

Sunday, April 6, 2014

What I’ve learned today : Finding overlapping pivot tables in Excel

စာလည်းရေးချင်တယ်။ တစ်ခုခုမှ မရေးရရင်လည်း မနေနိုင်ဘူး။ ခက်တာက စိတ်အေးလက်အေး ချရေးဖို့ အကြောင်းတွေလည်း မရှိဘူး။ ဒါနဲ့ နေ့စဉ်နေ့တိုင်း အလုပ်လုပ်ရင်း အသစ်သိသိလာတာလေးတွေ ပြန်ရေးပြဖို့ စဉ်းစားမိတယ်။ သိပြီး တတ်ပြီး သားတွေအတွက် မရည်ရွယ်ပါဘူး။ ကိုယ့်လိုပဲ စမ်းတ၀ါးဝါး လုပ်ရင်းလေ့ကျင့် လေ့ကျင့်ရင်း လုပ် စမ်းလုပ်ကြည့်ရင်း သိချင်မယ့်သူတွေများ ရှိခဲ့ရင်ဆိုပြီးပဲ ရေးပါတယ်။ ခက်ခက်ခဲခဲတွေလည်း မဟုတ်ပါဘူး။ ဒီနေ့ ခေတ်ကြီးမှာ အင်တာနက်မှာ surf လိုက်ရင် အလွယ်တကူတွေ့နိုင်တဲ့အကြောင်းအရာတွေပါ။ ဒါပေသိ surf တယ် ဆိုသော်ငြား surf တိုင်း search တိုင်းလည်း ကိုယ်တကယ်သိချင်တာ ဖြေထားတဲ့ တကယ်အသုံးတည့်တဲ့ ဆိုဒ်ကို လွယ်လွယ်နဲ့ မြန်မြန်လည်း တွေ့ဦးမှ။ ကိုယ့်လို ငပျင်းဆို ဘယ်ဖိုရမ် ညာဖိုရမ်မှလည်း တစိုက်မတ်မတ် ၀င်မဖတ်တော့ အရေးကြုံမှ သိချင်တာ ရိုက်လိုက်ရင် ကွန်နက်ရှင်များ မကောင်းရင် ဒုက္ခရောက်ပါပြီကော။
Excel မှာ pivot tables တွေ အများကြီး ထည့်ရမယ်ဆိုရင် sheet မျိုးစုံမှာ ဟိုတစ်စ ဒီတစ်စ ထားမိပြီး တခါတလေ ဒီလို error လေး တတ်တတ်ပါတယ်။
Pivot table cannot overlap each other … blah blah blah ဆိုပြီးတော့။ အဲဒီလို error တက်ရင် overlap ဖြစ်နေတဲ့ pivot table ၂ ခုကို နည်းနည်းကြားထဲမှာ လိုင်း အလွတ် ၁ လိုင်း ၂ လိုင်း (ဒါမှမဟုတ်) ၂ ခုမထပ်နိုင်တဲ့ အကွာအဝေးမှာ ရွှေ့ထားလိုက်ရင် အဆင်ပြေပါတယ်။
ဒါမျိုးဆို ကိုယ့်ဖာသာ လုပ်ထားတဲ့ excel file ဆိုတော်သေး … သူများလုပ်ထားပြီးသား လိုက်ရှာကြည့်ရရင်တော့ ခေါင်းမူးရော့ပဲ။
အပေါ်က credit ပေးထားတဲ့ ဆိုဒ်လေးမှာ ပြထားတဲ့ coding က ထပ်နေတဲ့ pivot table တွေကို ရှာဖို့ တကယ်အလုပ်ဖြစ်ပါတယ်။ ကုတ်ကိုတော့ သူ့ ဆိုဒ်ကပဲ ကူးယူလိုက်ပါ။ အဲဒီ code လေး Macro ထဲထည့် run လိုက်ရင် ဘယ် worksheet ရဲ့ ဘယ်နားက ဘယ် pivot table တွေ overlap ဖြစ်နေလည်းဆိုတာ ပြပေးပါတယ်။ အောက်က ဥပမာမှာ ကြည့်ကြည့်ပါ။


နေရာသိပီဆို ထပ်နေတဲ့ pivot table တွေ မထပ်အောင် လုပ်ပေးလိုက်ရင် error ထပ်မတက်တော့ပါဘူး။
Macro ကို ပြန် run ရင် ဒီလို ပြပါလိမ့်မယ်။

အဲ့လိုလေး ပြပီဆို ထပ်နေတဲ့ table တွေ မရှိတော့ဘူးပေါ့။
Macro ဘယ်လို run မယ်
ကိုယ်သိတဲ့ run နည်းတွေကတော့ (၂) နည်းရှိတယ်။ ပထမတစ်နည်းက Developer အောက်က Macro ကိုနှိပ် … ပြီးရင် Macro Name နေရာမှာ ရိုက်ထည့်လိုက်ရင် create ဆိုတာလေး ပေါ်လာလိမ့်မယ်။ အခုလောလောဆယ် သူပေးထားတဲ့ code အတွက်တော့ Macro Name နေရာမှာ ShowPivotTableConflicts ဆိုတာလေး ရိုက်ပီး Create ကိုနှိပ် ပြီးရင် သူပေးထားတဲ့ code တွေ copy paste လုပ်ပီး Run လိုက်ရင် ရပီ။ 

Create ကိုနှိပ်လိုက်ရင် ဒီနေရာ ရောက်သွားပီး ဒီလိုလေး ပေါ်လိမ့်မယ်။

Sub ShowPivotTableConflicts()

----------------- (သူပြထားတဲ့ ကုဒ်တွေ ကူးထည့်)

End Sub
ပီးရင် ကျန်တဲ့ Function အတွက် code တွေ ကူးထည့် ပီး Run။
တစ်ခါ run ပီးရင် နောက်တခါ Developer >>> Macro နှိပ်ရင် အောက်ကလိုမျိုး ပေါ်လာပါလိမ့်မယ်။
 
ဒီလို run လို့မှ အဆင်မပြေဘူးဆိုရင်

Developer >>> Visual Basic ကိုနှိပ် …. ပြီးလို့ code window ထဲရောက်သွားရင် This Workbook ဆိုတာနှိပ်လိုက်ရင် ပေါ်လာတဲ့ နေရာမှာ code တွေ အကုန်လုံး copy paste လုပ်ပီး run (shourt cut key နဲ့ဆို F5 နှိပ်) လိုက်ရင် ရပါပီ။
Code တွေကို copy ကူးရင် အောက်က comment စာကြောင်းလေးကို ရှာပီး ဖျက်ပစ်လိုက်ပါ။ မဟုတ်ရင် error တက်နိုင်လို့။

The macro below shows how you can use the functions above. // comment

ပြီးပါပြီ :) :) :)