လူအချင်းချင်း အလွန်မတန်လွယ်ကူစွာဆက်သွယ်နိုင်သော
ခေတ်ကြီးတွင် ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် ပို၍ ဝေးကွာသွားကြသည်။
မိုးရွာပြီးစ ညို့မှိုင်းစွတ်စိုလေထုအောက်တွင်
စာကလေးတစ်အုပ် ဓါတ်ကြိုးတန်းများပေါ်တွင် စိတ်အေးလက်အေး။
စာကလေးများသည် ဖေ့ဘွတ်မသုံးတတ်သောကြောင့်
လူများကဲ့သို့ ဓါတ်ကြိုးကိုကြောက်ရန်မလို။
စာကလေးများသည် ဥာဏ်မသုံးတတ်သောကြောင့်
တစ်နေ့ ၈ နာရီ ဘ၀ကို ပိတ်လှောင်ရန်မလို။
ထို့ကြောင့် စာကလေးများသည်
စိတ်အေးလက်အေး။
ညလယ်ခေါင်တွင် မိုးသည်ဖြုန်းကနဲရွာလေရာ
စိတ်အေးလက်အေးမဟုတ်သော အိပ်စက်ခြင်းမှ ဆတ်ခနဲလန့်နိုးလေသည်။ လန့်နိုးသည်ပင် ခပ်ကောင်းကောင်း။
အိမ်မက်ထဲတွင် သူငယ်ချင်းအရင်းကြီးတစ်ယောက်မှ ပိုက်ဆံချေး၏… နောက်တစ်ယောက်က သူ့ညီမင်္ဂလာဆောင်
လက်ဖွဲ့ကို Bank Account ထဲလွှဲပေးဟုဆိုသည်။ တကယ်တော့ ၂ယောက်စလုံးအခြေအနေက ကိုယ်မယှဉ်သာအောင်
မြင့်သောသူတွေ။ အိမ်မက်သည် စိုးရိမ်ပူပန်ခြင်းများကို အသွင်ပြောင်း၍ ကပေါက်တိကပေါက်ချာပင်
စိတ်မအေးလက်မအေး မက်လေသည်။
တီဗွီမှ အလကားရသောလိုင်းများသည်
စိတ်ကို အကြားအလပ်မရှိဖျော်ဖြေမှုပေးရန် အစီအစဉ်များ တစ်ခုပြီး တစ်ခု လွှင့်လေသည်။ ဦးနှောက်ကား
စဉ်းစားရန်အချိန်မရှိ။ ပြသမျှကြည့်၍ မြင်သမျှမှတ်ရန်သာ။
စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နှင့်
စဉ်းစားတွေဝေငေးမောခွင့်အတွက် ပေးလိုက်ရမည့်အချိန်တို့သည် ယနေ့ခေတ်တွင် ပိုတန်ဖိုးကြီးသွားခဲ့သည်။
ဥာဏ်ကောင်းသောလူသည် ကြောင့်ကြခေတ်သိမ်းကင်းငြိမ်းသောဘ၀ကို
ဖန်တီးသောကြောင့် အချိန်နှင့်အမျှပြေးလွှားနေရပါသည် ….. ဥာဏ်ကောင်းသောကြောင့် ခြေထောက်သုံးရန်မလို
… ကားများ ရထားများ လေယဉ်များကို စီး၍ ပြေးလွှားနေရသည်။ အိမ်မှာထိုင်နေ၍ စိတ်ကို အချိန်နှင့်အမျှပြေးလွှားခိုင်းထားသည်။
ခလုပ်တစ်ချက်ချင်းစီ နှိပ်၍နှိပ်၍ ဥာဏ်ကောင်းသောလူကလေးများကို ပြေးလွှားခိုင်းသူများလညှ်းရှိသည်။
ခလုပ်နှိပ်သူများ စိတ်အေးလက်အေးရှိပါလေစွ။
ကမ္ဘာတစ်ဖက်ခြမ်းမှ လိပ်ပြာကလေးတောင်ပံခတ်သည်မှာမူ သူ့သဘာဝဖြစ်၍ စိတ်အေးလက်အေး ဖြစ်နေပါလိမ့်မည်။